အာဖရိက၌ တရုတ်၏ ကိုလိုနီလက်သစ် အမူအကျင့်များကို ဖော်ထုတ်ခြင်း

China President Xi

ပုံဟောင်း

PML Daily

အာဖရိကတိုက်၌ တရုတ်၏ ကိုယ်ကျိုးစီးပွား ဖော်ဆောင်မှုသည် ဆယ်စုနှစ်များစွာ အမြစ်တွယ်ထားပြီ ဖြစ်သည်။ အာရှ၏ အကြီးဆုံး တရုတ်နိုင်ငံ၏ အာဖရိကနိုင်ငံများအတွင်း စီးပွားရေး လှုပ်ရှားဆောင်ရွက်မှုများကြောင့် ၎င်းတို့၏ အာဖရိကတိုက်အတွင်း လုပ်ကိုင်ပြုမူပုံ သဘောသဘာဝနှင့် ပတ်သက်ကာ စိုးရိမ်ပူပန်မှုများ သိသိသာသာ မြင့်တက်စေသည်။ တိုက်အတွင်း တရုတ်၏ ပြုမူပုံများကြောင့် စိုးရိမ်ဖွယ်ရာ အလားအလာကို တော်တော်များများသော သုတေသီများနှင့် လူမှုအဖွဲ့အစည်းများစွာက သတိမူမိလာခဲ့ကြသည်။ အာဖရိကနိုင်ငံများရှိ ဖွံ့ဖြိုးရေး စီမံကိန်းများ၌ အတိုးနှုန်း များများဖြင့် ငွေချေးခြင်းမှသည် တဖက်သတ် ကုန်သွယ်ရေး လှုပ်ရှားမှုများအထိ ကိုယ်ကျိုးဖော် စီးပွားရေး ပြုမူဆောင်ရွက်မှုများကဲ့သို့သော လက်သစ်ကိုလိုနီ လုပ်ငန်းစဉ်များကို ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးတတ်သည့် တရုတ်၏ အကျင့်စရိုက်ကြောင့်ပဲ ယခုကဲ့သို့ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ တရုတ်နိုင်ငံက အာဖရိက၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခြင်းနှင့် နှစ်စဉ် ကုန်သွယ်မှု ပမာဏ ဒေါ်လာဘီလီယံများစွာ ရှိနေခြင်းနှင့်အတူ လူမှုအဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများက အာဖရိက၌ တရုတ်၏ ကြီးမားသော ပြဿနာအစကို ထုတ်ဖော်ပြသနိုင်ရန် ကြိုးစားလာဖြစ်စေတော့သည်။

အာဖရိကတလွှားက ‘တရုတ်ပြဿနာ’  

မကြာသေးသော နှစ်များအတွင်း အခြားနိုင်ငံများကြားတွင် တရုတ်နိုင်ငံသည် အင်ဂိုလာ၊ အီသီယိုးပီးယား၊ ကင်ညာ၊ ဂျီဘူတီ၊ ကမ်မရွန်း၊ ဇမ်ဘီယာနှင့် ကွန်ဂိုတို့ အပါအဝင် အာဖရိကနိုင်ငံ ၃၀ ကျော်အား ဖွံ့ဖြိုးရေးစီးမံကိန်းများအတွက် ဘဏ္ဍာချေးငွေများ ပေးခြင်းဖြင့် အာဖရိကနိုင်ငံများနှင့် အကြီးဆုံး အပြန်အလှန် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်မှာ နှစ်အတန်ကြာကပင် ဖြစ်သည်။ အာဖရိက၌ တရုတ်မြီရှင်များ ချထားပေးသည့် ချေးငွေပမာဏမှာ ၂၀၂၂ ခုနှစ်အထိ ဒေါ်လာ ၉၃ ဘီလီယံအထိ ရှိပြီး လာမည့်နှစ်များတွင် ဒေါ်လာ ၁၅၃ ဘီလီယံအထိ အမြင့်ဆုံး ရောက်ရှိမည်ဟု မျှော်လင့်ရသည်။

ထိုပြင် ခြေတံလက်တံ ချဲ့ထွင်လာသည့် တရုတ်သည် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် အခြားသော သမာရိုးကျ ချေးငှားသူများကဲ့သို့သော အဓိက ဘဏ္ဍာရေးအဖွဲ့အစည်းများကို ကျော်တက်ပြီး လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး မြီရှင်နိုင်ငံကြီး ဖြစ်နေပြီ ဖြစ်သည်။ အာရှနိုင်ငံကြီး တရုတ်သည် ကမ္ဘာ့စုစုပေါင်း ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားသည်ဟု ပြောစမှတ် ပြုရပြီး ဖွံ့ဖြိုးမှုအောက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ တဒါဇင်ကျော်၏ ဂျီဒီပီ ၂၀ ရာခိုင်နှုန်းမှာ တရုတ်ကြွေးမြီအောက်တွင် ရှိနေသည်။

ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများဆိုသော အကြောင်းပြချက်အောက်တွင် တရုတ်သည် အမျိုးမျိုးသော အကြောင်းရင်းများကြောင့် ဘဏ္ဍာရေး မတည်ငြိမ်သော နိုင်ငံများသို့ အယောင်ဆောင် ဘဏ္ဍာရေးအကူအညီများ ပေးနေသည်။ ဥပမာ ပြရလျှင် တရုတ်ဖွံ့ဖြိုးရေးဘဏ်များက ချထားပေးသော အတိုးများသည့် ချေးငွေများကြောင့် ဇမ်ဘီယာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ကင်ညာကဲ့သို့သော နိုင်ငံများသည် စီးပွားရေးအကျပ်အတည်းထဲ ပို၍ ရောက်ရှိရသည်။ ချေးငွေသဘောတူညီချက်တွင် “အသိမခံသော ကြွေးမြီ” ဆိုသော သတ်မှတ်လုပ်ဆောင်ချက်ကလည်း အာဖရိက၏ မတည်ငြိမ်သော စီးပွားရေးအတွက် အဓိက အနှောင့်အယှက်တရပ်လည်း  ဖြစ်စေသည်။ ရပ်ဝန်းနှင့် လမ်းပိုင်း BRI စီမံကိန်းတခုတည်းကပင် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်နိုင်ငံများအတွက် အသိမခံသော ကြွေးမြီမှာ ၂၀၂၀ အထိ ဒေါ်လာ ၃၈၅ ဘီလီယံနီးပါး တင်ရှိစေပြီး လာမည့်နှစ်များတွင် ပို၍ တိုးပွားလာမည် ခန့်မှန်းရသည်။ တရုတ်ဘက်ကမူ လက်မှတ်ရေးထိုးသော နားလည်မှုစာချွန်လွှာ MoU များကို အသေးစိတ် လိမ္မာသိုသပ်စွာဖြင့် တိတိကျကျ ချုပ်ဆိုရေးကို အထူးတောင်းဆိုသည်။ ထိုအတွက် အာဖရိကရှိ စီးပွားရေး မတည်ငြိမ်သော နိုင်ငံများမှာ ကြွေးမြီ ချေးရာတွင် လုပ်ရကိုင်ရ ကျပ်တည်းပြီး တရုတ်အာဏာပိုင်များဆီ မေတ္တာရပ်ခံရခြင်းများ ရှိလာစေတော့သည်။

ကင်ညာနှင့် ဇမ်ဘီယာ ပြဿနာက အာဖရိကတိုက်ကို သတိပေးနေ

တရုတ်မြီရှင်များထံ အကြွေးများစွာ တင်ရှိခြင်းကြောင့် စီးပွားရေး ဝရုန်းသုန်းကား အခြေအနေ ဖြစ်ရသော ကင်ညာတွင် ၂၀၂၂ ၌ ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်သည်။ ငါးနှစ်တာ ကာလအတွင်း တရုတ်အာဏာပိုင်များနှင့် ချုပ်ဆိုသော MoU စာချုပ်များ၏ အသေးစိတ်ကို ပို၍ ပွင့်လင်းမြင်သာစွာ ချပြရန် ဆန္ဒပြသူများက တောင်းဆိုကြသည်။ ပြီးခဲ့သည့်နှစ်အထိ အကြွေးအားလုံးတွင် ကင်ညာ၏ ကြွေးမြီ သုံးပုံတပုံမှာ တရုတ်အခြေစိုက် ကုမ္ပဏီများအပြင် တရုတ်အစိုးရထံ တင်ရှိနေခြင်း ဖြစ်သည်။ အာဖရိက ကင်ညာနိုင်ငံတွင် တရုတ်ကုမ္ပဏီများအပြင် တရုတ်အစိုးရ၏ နယ်ချဲ့ဝါဒဆန်သော ချေးငွေသဘောတူညီချက်များ၏ အသေးစိတ်ကို ချပြန်ရန် အစိုးရအား ဆန္ဒပြသူများက အတင်းအကျပ် တောင်းဆိုသည်။ ကင်ညာ သယ်ယူပို့ဆောင်ရေးဌာနက ထုတ်ပြန်သော  စာချုပ်အသေးစိတ်တွင် တရုတ်မေတ္တာရပ်ခံချက်အောက်ရှိ ကင်ညာ၏ အလှမ်းအကျယ်ဆုံး စီမံကိန်းများမှ တခုဖြစ်သည့် The Standard Guage Railway ရထားလမ်းစီမံကိန်းနှင့် ပတ်သက်ကာ ဖော်ပြထားသည်။ စီမံကိန်း၏ အစကို တရုတ်၏ Exim Bank က တာဝန်ခံရန်အပြင် Exim Bank မှ ချေးငွေချထားပေးရန် သဘောတူထားခြင်း ဖြစ်သည်။ ယင်း စီမံကိန်းအတွက် ဘဏ္ဍာရေးစရိတ် သျှီလင် ၃၈ ဘီလီယံကျော်မှာ တရုတ်ပိုင်ကုမ္ပဏီ Afristar ထံ တင်ရှိနေကြောင်း ကင်ညာအစိုးရက ၂၀၂၀ တွင် ကြေညာထားဖူးသည်။ ယင်း ရထားလမ်းစီမံကိန်းအတွက် အလုံးစုံသော ချေးငွေမှာ တရုတ်ထံမှ သျှီလင် ဘီလီယံ ၄၂၀ ဖြစ်သည်။

MoU တွင် သဘောတူထားချက်များက မလျော်ကန်သည့်တိုင်အောင် အသေးစိတ်ကို နှုတ်လုံစေရန် စာချုပ်ပါ စည်းမျဉ်းသတ်မှတ်ချက်များဖြင့် ကင်ညာအစိုးရမှာ ချုပ်နှောင်ခံထားရသည်ကို ထုတ်ပြန်လာသော အသေးစိတ်အချက်အလက်များအရ ဖော်ပြထားသည်။ အများပြည်သူသို့ အချက်အလက်များ ထုတ်ပြန်လာချိန်တိုင်အောင် ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် တရုတ်၏ သဘောတူစာချုပ်များတွင် အခြားသော ချေးငွေများထက် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများထံမှ ချေးငွေကို ဦးစားပေး ဆပ်ချေရေးက ချေးငှားသည့်နိုင်ငံများ မဖြစ်မနေ လိုက်နာရမည်ဆိုသော စာပိုဒ်က ပုံမှန်ပါဝင်ကြောင်း စောင့်ကြည့်သူများကလည်း မှတ်ချက်ပြုသည်။ ယခု ကင်ညာရထားလမ်းစီမံကိန်းအတွက် တရုတ်၏ ချေးငွေစာချုပ်တွင် SGR သဘောတူညီချက်မှာ နှစ်နှစ်ဆယ် ချေးငွေသက်တမ်းဖြစ်ပြီး ခုနစ်နှစ်တာ သက်တမ်းရွှေ့ပေးမှု ပါဝင်သည်။ ကင်ညာအနေဖြင့် ချေးငွေကို ၁၃ နှစ်အတွင်း ပေးဆပ်ရမည် ဖြစ်သည်။ ယင်းအချိန်အတွင်း စီမံကိန်းမှ ရရှိသော အခွန်ငွေ၏ အနည်းဆုံး ၄၂ ရာခိုင်နှုန်းကို ချေးငွေဆပ်ရေးအတွက် အသုံးပြုရမည်ဖြစ်၍ ကင်ညာအစိုးရအနေဖြင့် တရုတ်အကြွေး မကြေမချင်း အနည်းဆုံး နှစ်နှစ်ဆယ်ကာလအထိ ငွေရေးကြေးရေး အကျိုးအမြတ် ရရှိမည် မဟုတ်ပေ။

အလားတူ အခြေအနေမျိုးကို ရင်ဆိုင်ရသည့် ဇမ်ဘီယာ အစိုးရသည်လည်း လွန်ကဲသော တရုတ်အကြွေးကြောင့် နိုင်ငံအတွင်း နိုင်ငံရေး ဗြောင်းဆန်မှုသို့ ဦးတည်စေသည်။ တောင်ပိုင်း အာဖရိက ဇမ်ဘီယာနိုင်ငံသည် ဆောက်လုပ်ရေးစရိတ်နှင့်ယှဉ်လျှင် ဝင်ငွေမကောင်းသော အကုန်အကျများပြီး အသုံးမဝင်သည့် စီမံကိန်းများအတွက် တရုတ်ဖွံ့ဖြိုးရေးဘဏ်များမှ အများစုဖြစ်သော လွန်ကဲသည့် ကြွေးမြီဝန် ပိလျက် ရှိနေသည်။ ထို လွန်ကဲသော ကြွေးမြီကြောင့် လက်ရှိတွင် ဇမ်ဘီယာအစိုးရသည် ချေးငွေသဘောတူညီချက်များ၌ ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ပြင်ဆင်ရေးအတွက် မြီရှင်များကို ခယနေရသည်။ ထိုအခြေအနေကြောင့် တရုတ်ချေးငှားသူများထံမှ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ချေးငွေကို မထုတ်ပေးတော့ရာ နိုင်ငံအနှံ့က အခြေခံအဆောက်အအုံ စီမံကိန်းများ ရပ်တန့်မှု ဖြစ်ရသည်။ ထိုသို့ ရှိနေသည့်ကြားမှပင် ကြွေးမြီပြန်ဆပ်မှု အစီအစဉ်အား ပြင်ဆင်ခြင်းကို တရုတ်က ငြင်းဆန်ပြီး ၎င်းတို့ အကြွေးကို ပထမဦးစွာ မဖြစ်မနေ ဆပ်ရန် ဇမ်ဘီယာအစိုးရထံမှ အာမခံရရေးအတွက်ကိုပဲ ဖိအားပေးလျက် ရှိနေသည်။ တရုတ်တို့၏ ကြိုတင်သတ်မှတ်ချက်များသည် အခြားသော မြီရှင်များထံမှ ကြွေးမြီသက်သာခွင့်ရရေး ဇမ်ဘီယာ၏ ကြိုးပမ်းအားထုတ်မှုများကိုပါ ထိခိုက်စေပြီး တရုတ်သည် ကိုယ်ကျိုးစီးပွားအတွက် ဇမ်ဘီယာ၏ မတည်ငြိမ်သော စီးပွားရေးကို ဖျက်ဆီးပစ်နေသည်ဟု အခြားသော မြီရှင်များက စွပ်စွဲကြသည်။

ယခု ဥပမာများသည် အာဖရိကတိုက်၌ နယ်ချဲ့လက်သစ်ဝါဒဖြင့် တရုတ်၏ ကိုလိုနီပြုမည့် အငွေ့အသက်ကို အရေးတကြီး သတိပေးနေခြင်းပဲ ဖြစ်တော့သည်။ ဖွံဖြိုးမှုဆိုသော ဟန်ဆောက်မှုနောက်ကွယ်တွင် တရုတ်သည် အာဖရိကနိုင်ငံများမှ စီးပွားရေး ရလဒ်များအပေါ် ဩဇာလွှမ်းနိုင်ရေးအတွက် ဖြစ်နိုင်သော ကိုလိုနီမဟာဗျူဟာအားလုံးကို ကျင့်သုံးလျက် ရှိနေသည်။ တော်တော်များများသော နိုင်ငံများမှာ စီးပွားရေး ဦးမော့ရေးထက် တရုတ်အား ချေးငွေပြန်ဆပ်နိုင်ရေးကိုသာ လက်ရှိ၌ မျက်နှာမူနေရပြီ ဖြစ်သည်။ အန္တရာယ်များသော တရုတ်၏ အမူအကျင့်များမှာ အရေးတကြီး သတိထားစရာပဲ ဖြစ်ကာ အခြားသော နိုင်ငံများအနေဖြင့်လည်း တရုတ်က ငွေထုပ်ပိုက်ကာ တံခါးလာမခေါက်ခင် အာဖရိကနိုင်ငံများ ရင်ဆိုင်ရသည့် မျှော်လင့်ချက် ကင်းမဲ့ရမှု ဥပမာများကို သင်ခန်းစာ ယူရပေမည်။ ဆက်၍ ဆိုရလျှင် တရုတ်ကြွေးမြီအောက်ရှိ အာဖရိကနိုင်ငံအားလုံး၊ တရုတ်၏ နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်သော နိုင်ငံများအနေဖြင့် စုပေါင်းမဟာဗျူဟာတရပ်ကို ဖော်ဆောင်ကြရမည် ဖြစ်ပေသည်။