ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်ကို ကရင့်တော်လှန်ရေးတပ်များသိမ်းပိုက်ပြီး နယ်မြေရှင်းလင်း

ပုံအညွှန်း။ ။ Google မြေပုံတွင် တွေ့ရသော ဖာပွန်မြို့နှင့်အနီးတဝိုက်ရှိ စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ စဗခ (၁) အပါအဝင် တပ်ရင်းတပ်စခန်းများ။ စစ်ကောင်စီတပ်များမှ တခြားတပ်ရင်းတပ်စခန်းများမှ ဆုတ်ခွာကာ စဗခ (၁) တွင် သွားရောက်ပူးပေါင်းလျက်ရှိသည်ဟု ယနေ့ (၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့) နောက်ဆုံးရရှိထားသော သတင်းများအရ သိရသည်။

ပုံအညွှန်း။ ။ Google မြေပုံတွင် တွေ့ရသော ဖာပွန်မြို့နှင့်အနီးတဝိုက်ရှိ စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ စဗခ (၁) အပါအဝင် တပ်ရင်းတပ်စခန်းများ။ စစ်ကောင်စီတပ်များမှ တခြားတပ်ရင်းတပ်စခန်းများမှ ဆုတ်ခွာကာ စဗခ (၁) တွင် သွားရောက်ပူးပေါင်းလျက်ရှိသည်ဟု ယနေ့ (၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့) နောက်ဆုံးရရှိထားသော သတင်းများအရ သိရသည်။

YT

(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်များက ဖာပွန်မြို့ကိုစွန့်ခွာသွားပြီဖြစ်ကြောင်းနှင့် ကရင့်တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းနေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ (၅) ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

” ဖာပွန်မြို့ထဲမှာ စကစ (စစ်ကောင်စီ) တပ်ဖွဲ့ဝင်တွေ ဆုတ်သွားကြပြီ။ မြို့ထဲမှာ သူတို့တွေ မရှိတော့ဘူး။ စကစတွေ မရှိတော့ဘူးဆိုတော့ ဒီဘက် (KNLA) လူတွေပဲ သွားပြီးတော့ နယ်မြေ ရှင်းလင်းတာပေါ့။ ဒါပေမယ့် နေတော့ မနေထိုင်သေးဘူး။” ဟု တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကိုပြောသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်များနှင့်ပူးပေါင်းတပ်များက မတ်လ ၁၉ ရက်နေ့တွင်စတင်ကာ ဆက်သွယ်ရေးလမ်းများပိတ်ဆို့ပြီး ထိုးစစ်ဆင်ရာ တပတ်အကြာတွင် တပ်ရင်းများနှင့် ရဲစခန်းတို့မှ ဆုတ်ခွာသွားကြခြင်းဖြစ်သည်။

လက်ရှိအခြေအနေမှာ ကရင့်တော်လှန်ရေးတပ်များအနေဖြင့် မြို့တွင်းအခိုင်အမာ တပ်စွဲနိုင်မှုမရှိသေးဘဲ မြို့ကို “ထိန်းချုပ်” ထားသည်ဟုဆိုသည်။

KNLA တပ်မဟာ (၅) လှုတ်ရှားနယ်မြေတွင်း ကျရောက်သည့် ထိုင်း-မြန်မာနယ်စပ်ရှိ အရေးပါသော ခရိုင်အဆင့်မြို့ငယ်လေးဖြစ်သည့် ဖာပွန်မြို့နှင့် အနီးတဝိုက်တွင် သက်တမ်းရင့် ခြေလျင်တပ်ရင်း ခလရ (၁၉)နှင့်အတူ ခြေမြန်တပ်ရင်း ခမရ (၃၄၀)၊ (၃၄၁)၊ (၄၃၄) တို့အပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် အခြေချစစ်ဗျူဟာ စဗခ(၁)လည်းရှိနေခဲ့သည်။

ဆုတ်ခွာသွားသော စစ်ကောင်စီတပ်များက စဗခ (၁) တွင်သွားရောက်ပူးပေါင်းနေရာ အင်အားအနည်းဆုံး ၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရကာ နှစ်ဘက်တပ်များတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဲဖြစ်သည်။

မတ်လ ၂၄ ရက်နေ့တရက်တည်းတွင်ပင် ဖာပွန်မြို့ထဲသို့ စစ်ကောင်စီတပ်လေယာဉ်များ ၂၅ ကြိမ်ထက်မနည်း ဗုံးကြဲမှုများပြုလုပ်ခဲ့ပြီး ဗုံးသီးပေါင်း အလုံးရေ ၁၀၀ ကျော်ပစ်ချသွားကြောင်းလည်း KNU ထုတ်ပြန်ချက်အရ သိရသည်။

ဖာပွန်မြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကတော့ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းကပင် ပျက်ပြားသွားခဲ့ပြီးဖြစ်သည်။ မြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်နေ့နောက်ဆုံး ထားပြီးထွက်ခွာသွားရန် KNLA တပ်မဟာ(၅)က ၂၀၂၂ခုနှစ်ဇန်နဝါရီ လ၂၉ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့ရာ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊တရားရေး၊ဆက်သွယ်ရေး၊ စာရင်းစစ်ဌာန များမှ ဝန်ထမ်း ၁၃၀ ကျော် ထွက်ခွာသွားခဲ့ကြ သည်။

ထို့နောက်ပိုင်း မြို့နေလူထု၏ သုံးပုံတပုံခန့်သာ ကျန်တော့ကြောင်း KNU ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောကြားခဲ့သည်။