သင်္ဃန်းညီနောင် စစ်ကောင်စီဗျူဟာကိို ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

ပုံအညွှန်း- ဝှေ့ရှမ်းရွာအတွင်း မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆိုင်ခန်းတခု (ဓါတ်ပုံ- လူမှုကွန်ရက်)

ပုံအညွှန်း- ဝှေ့ရှမ်းရွာအတွင်း မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆိုင်ခန်းတခု (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၅ ရက်နေ့၊ နံနက်အစောပိုင်းမှစ၍ တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

” KNLA၊ PDF တွေက နှစ်ဖက်ညှပ်ပြီးတော့ ဗျူဟာကို ဝင်ရောက်စီးနင်းနေပြီ၊ လက်ရှိကတော့ အကြီးအကျယ်ပဲ။ အနီးကပ်ကို ဝင်ချနေတာ။ လေယာဉ်ကလည်း တောက်လျှောက် လာကြဲတယ်။ Y-12 နဲ့ သုံးကြိမ်၊ ဂျက်ဖိုက်တာက တခေါက်ပစ်တယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့၊ နံနက် ၅ နာရီကျော်အချိန်မှစ၍ သင်္ဃန်းညီနောင်အခြေစိုက် စစ်ဗျူဟာကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်အထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဗျူဟာနှင့် အနီးရှိ ဝှေ့ရှမ်းကျေးရွာ၊ ဇရပ်ဖြူကုန်းဘက်သို့ စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ဝှေ့ရှမ်းရွာမှ အမျိုးသမီးတဦး ဒဏ်ရာရထားကြောင်း သိရသည်။

” ဒီနေ့မနက် လေယာဉ်ကနေ ကြဲတာရော လက်နက်ကြီးပစ်တာရော လုပ်တယ်။ မိန်းကလေးတယောက် ဒဏ်ရာရထားတယ် ဝှေ့ရှမ်းဘက်မှာ” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူက ဆိုသည်။

ယနေ့ နေ့လယ် ၃ နာရီမေးမြန်းချက်အရ မြဝတီမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၇၅) တွင်လည်း လက်နက်ကြီး၊ သေနတ်ပစ်ခတ်သံများ ကြားနေရပြီး ခလရ (၂၇၅) အတွင်း တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံထံက သိရသည်။

မြဝတီမြို့နယ်၊ ခမရ (၃၅၇) နှင့် စစ်ဗျူဟာကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှစ၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ကြောင်း၊ ယနေ့ တိုက်ပွဲအတွင်း နှစ်ဖက် အထိအခိုက်၊ အကျအဆုံး ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

သင်္ဃန်းညီနောင်တွင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစ၍ တိုက်ပွဲများ စတင်ခဲ့ပြီး ခမရ (၃၅၅)၊ (၃၅၆) နှင့် သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပြီး လက်ရှိ ကျန်ရှိနေသည့် ခမရ (၃၅၇) နှင့် စစ်ဗျူဟာကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

အလားတူ ယနေ့ ဧပြီလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ ခလရ (၉၇) အနီး၌ စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံထံက သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)