မန္တလေးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်အတူ မြို့ပေါ်ရပ်ကွက်အချို့ ရေပြတ်လပ်မှုကြုံလာရ

ရေပြတ်လပ်မှုဖြစ်နေသည့် အထပ်မြင့်တိုက်ခန်းနေသူများအား လူမှုရေးအသင်းများက ကူညီပေး နေစဉ်/Photo – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းကော်မတီ)

007

(မဇ္စျိမ)။ ။မန္တလေးမြို့ပေါ်ရပ်ကွက်အချို့တွင် ပြီးခဲ့သည့်ရက်သတ္တပတ်ခန့်မှစ၍ လျှပ်စစ်ဓာတ်အားပြတ် တောက်မှုနှင့်အတူ ရေပြတ်လပ်မှု စတင်ကြုံတွေ့နေရကြောင်း ဒေသခံများနှင့် လူမှုရေးအသင်းများထံမှ သိရသည်။

“မှတ်မှတ်ရရပြောရရင် စနေနေ့က စပြတ်တာပဲ၊ မီး(လျှပ်စစ်မီး)လုံးဝမရတော့တဲ့ရပ်ကွက်တွေမှာ ရေစ ပြတ်နေပြီ။ လောလောဆယ် အထပ်မြင့်မှာနေသူတွေ ရေဒုက္ခရောက်နေကြတယ်” ဟု မြို့ခံလူမှုကယ် ဆယ်ရေးအသင်းတခုမှ တာဝန်ရှိသူကပြောသည်။

စည်ပင်ရေကို ရေမော်တာဖြင့်တင်ရယူရသည့် ကြခတ်ဝင်း၊ ဒေးဝန်းအနောက်၊ သီရိဟေမာ၊ သုံးဆယ်ဝင်း၊ ပါတ်ကုန်းပျော်ဘွယ်၊ စိတ္တရမဟီစသည့် မြို့ပေါ်ရပ်ကွက်များတွင် ရေပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေကြ ရခြင်းဖြစ်သည်။

“အာဏာသိမ်းတဲ့ သုံးနှစ်အတွင်းမှာ ဒီနှစ်က အဆိုးရွားဆုံးမီးပြတ်တဲ့နှစ်ပဲ။ တရက်မှာနှစ်နာရီတောင် မီး မရတော့ဘူး၊ မီးမရတော့ ရေမတင်နိုင်ဘူး၊ ရေပြတ်တာ တပတ်ရှိနေပြီ”ဟု ချမ်းအေးသာစံမြို့နယ်အတွင်း မှ အထပ်မြင့်တိုက်ခန်းတခုတွင်နေထိုင်သည့် ဒေသခံတဦးကပြောသည်။

မန္တလေးမြို့တွင် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစ၍ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အဆိုးဆုံး အခြေ အနေဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လနောက်ဆုံးပတ်တွင် ရေပြတ်လပ်မှုနှင့်ပါ ကြုံတွေ့နေရခြင်းဖြစ်သည်။

လက်ရှိတွင် ရေပြတ်လပ်သည့်ရပ်ကွက်များအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းကော် မတီ)အပါအ၀င် မြို့ခံပရဟိတအသင်းများက ရေသယ်ယာဉ်များဖြင့် လိုက်လံကူညီပေးနေပြီး ၎င်းတို့မှာ လည်း စက်သုံးဆီအတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။

“ရေဂါလန် ၅၀၀ ဆံ့ ကားတွေ၊ ၃၄၀၀ ဆံ့ ကားကြီးတွေနဲ့ ရေလိုက်ဖြည့်ပေးနေရတာဆိုတော့ သူတို့မှာ လည်း စက်သုံးဆီပြဿနာနဲ့ ကြုံရပြန်ရော။ တတ်နိုင်သလောက်တော့ လိုက်ဖြည့်ပေးနေတာပဲ၊ ရေရှည် တော့လွယ် မယ်မထင်ဘူး။ ပရဟိတဆိုတာက အလှူရှင်ရှိမှလုပ်လို့ရတာဆိုတော့ တတ်နိုင်သူကလှူပေး ရင် အသင်းတွေဘက်ကလည်း ရေလိုက်ဖြည့်ပေးနိုင်မယ်၊ ဒီလိုမှမဟုတ်ရင်တော့ နွေမှာရေပြဿနာ ဒီထက်ဆိုးမယ်” ဟု လူမှုကူညီရေးအသင်းတခုမှ တာ၀န်ရှိသူကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့တွင် လျှပ်စစ်ဓာတ်အားဆိုးဆိုးရွားရွား ပြတ်တောက်မှုနှင့် အတူ ရေပြတ်လပ်မှုကိုပါ နှစ်စဉ်ကြုံတွေ့နေရပြီး ယခုနှစ်သည် အဆိုးရွားဆုံး အခြေအနေဖြစ်ကြောင်း သိ ရသည်။

စာတည်း။ ။စောဖေ