ပခုက္ကူ-ပေါက်လမ်းရောက် စစ်ကောင်စီယာဉ်တန်း PDF မိုင်ကွင်းကို ရှောင်ရန်လမ်းအသစ်ဖောက်

ချင်းတောင်သို့တက်လာသော စစ်ကောင်စီတပ်ယာဥ်တန်း (ပုံအဟောင်း)/ဓာတ်ပုံ – CJ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်မှထွက်ခွာလာသည့် ကား ၁၁၂စီးပါ စစ်ကောင်စီယာဥ်တန်းသည် ပေါက်မြို့၊ သာကြီးတောင်ရေနံမြေတွင်ရောက်ရှိနေပြီး ပခုက္ကူ-ပေါက်လမ်းအတိုင်းမဖြတ်ရဲဘဲရှောင်ကွင်းလမ်းဖောက်လုပ်နေကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“ယာဥ်တန်းက ပေါက်မြို့နယ် အရှေ့ဖျား တက်မတောင်တန်းပေါ်မှာရှိနေသေးတယ်။ပုံမှန်လမ်းကြောင်းအတိုင်းမသွားဘဲ ရှောင်ပြီး မောင်းမယ်လို့ခန့်မှန်းထားပါတယ်။ သာကြီးတောင်ရေနံမြေဘက်မှာ တက်မလမ်း(ပခုက္ကူ-ပေါက်)က မိုင်းထောင်တော့ တောလမ်းအတိုင်းရှောင်မောင်းဖို့လုပ်နေတယ်”ဟု ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။

စစ်ကောင်စီယာဥ်တန်းသည် ပခုက္ကူမြို့မှ မတ်လ၂၂ရက်နေ့တွင်စတင်ထွက်ခွာလာပြီး ယနေ့ မတ်လ ၂၈ရက်တွင် သာကြီးတောင်ရေနံမြေသို့ ရောက်ရှိနေခြင်းဟုသိရသည်။ ယာဥ်တန်းဆက်ထွက်နိုင်ရန် ဘူဒိုဇာများဖြင့်လမ်းဖောက်ကာ ပေါက်မြို့နယ် ၊ရေပြာရွာဘက်သို့ ဦးတည်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော Successful Force – Paukထံမှ သိရသည်။

စစ်ကောင်စီယာဉ်တန်းမှ ရှေ့ပြေးကင်းထောက်ယာဥ်အချို့ ကမ္မမြို့မှ ထွက်လာစဥ်တွင်လည်း ပခုက္ကူ-ကမ္မ-ပေါက် ပုံမှန်လမ်းအတိုင်းမလာဘဲ ဘူဒိုဇာများဖြင့် ရေနံပိုက်လိုင်းအတိုင်း လမ်းအသစ်ဖောက်လုပ်၍ မောင်းနှင်လာခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါယာဥ်တန်းသည်မတ်လ ၂၆ရက်တွင် ပခုက္ကူနှင့်ပေါက်မြို့နယ်ကြားရှိ ကမ္မမြို့နယ်၊ ဂျိုးပျံရွာသို့ ရောက်ရှိစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဂျိုးပျံရွာကို မီးတင်ရှို့သွားကြောင်း၊ အိမ်ခြေ ၅၀ခန့် မီးလောင်ပျက်စီးသွားပြီး ဒေသခံများဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ထို့အပြင် ယာဉ်တန်း၌ ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီးတဦးနှင့် တပ်သားသုံးဦးသည် လက်နက်ခဲယမ်းများယူဆောင်ထွက်ပြေးလာပြီး ဒေသကာကွယ်ရေးအဖွဲ့တဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။ အသေးစိတ်အခြေအနေကို ကာကွယ်ရေးတပ်ဖွဲ့များကထုတ်ပြန်ခြင်းမရှိသေးပေ။

အဆိုပါ ယာဉ်တန်းသည် ချင်းပြည်နယ်နှင့် ယောဒေသသို့ ဦးတည်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ခရီးသွားပြည်သူများအနေဖြင့် ပေါက်-ပခုက္ကူလမ်းပိုင်းအား ယခုရက်ပိုင်း၌ အသုံးမပြုကြရန် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၂၆ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်စက်တင်ဘာလကလည်း စစ်ကောင်စီတပ်သည် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်မှတဆင့် ကားအစီးရေ ၈၀ခန့်ဖြင့် ချင်းတောင်ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် ပေါက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ထိုစဉ်က စစ်ကောင်စီယာဥ်တန်းသည် တလခန့်ကြာ ပိတ်မိနေခဲ့ပြီး စစ်သား ၇၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ခဲ့သည်။

စာတည်း – အေးချမ်း