အမ်းမြို့ အနီးနှင့် မကွေးတိုင်း ငဖဲမြို့အနီး တိုက်ပွဲများတွင် စကစတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးဟု AA ထုတ်ပြန်

မဇ္ဈိမ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့အနီးတိုက်ပွဲနှင့် မ‌ကွေးတိုင်း ငဖဲမြို့အနီး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၅ ဦးသေဆုံးခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က မမတ်လ ၂၉ ရက်နေ့တွင်် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ရက္ခိုင်ဒေသဌာနချုပ်လည်းဖြစ်သည့် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိရာ အမ်းမြို့နယ် လုံးကျေးရွာ၏ အနောက်ဘက် မီတာ ၁,၄၀၀ ခန့်အကွာတွင် မတ် ၂၆ ရက်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်။

စစ်ကောင်စီဘက်မှ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆ နှင့် အခြားတပ်များမှ စုပေါင်းထားသောစစ်ကြောင်းဖြစ်ပြီး နာရီ၀က်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီး ပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း နာရီဝက်ခန့်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးခန့်ကျဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း တပ်ဖွဲ့၀င် နှစ်ဦး အသေးစား ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း၏ ထိစပ်နယ်နိမိတ်အနီးတွင် တည်ရှိသည့် ငဖဲမြို့၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက်တွင်လည်း စစ်ကောင်စီတပ်၏ အင်အား ၄၀ ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မတ် ၂၆ ရက် နံနက်ပိုင်းတွင် နာရီဝက်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင်စစ်ကောင်စီဘက်မှ မျက်မြင် လေးဦး ကျဆုံးခဲ့ပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု AA က ဆိုသည်။

ထို့ပြင် မတ်လ ၂၈ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက်ရှိ တောင်ကြော၌ အင်အား ၅၀ ဦးခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စကစဘက်မှ ‌ခြောက်ဦးကျဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း AA က ဆိုသည်။

ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်နှင့်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ရှိနေပြီး ဘူးသီးတောင်မြို့နယ်က တောင်ဘဇာစခန်းကို မတ်လ ၂၅ ရက်တွင်သိမ်းပိုက်ရရှိခဲ့ကြောင်း ယနေ့တွင် AA က ထုတ်ပြန်သည်။

ထို့ပြင် ဘဂ်လားဒေ့ရှ့်နယ်စပ်အနီး‌က ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်လျက်ရှိသကဲ့သို့ စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူ အများအပြားနှင့် ခုခံကာကွယ်နေကြောင်း AA က ပြောသည်။

စာတည်း။ ။ နောင်နောင်