ကောဘိန်းရွာကို စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်က အမျိုးသမီး၁ ဦးကို အကြောင်းမဲ့ပစ်သတ်

ပုံအညွှန်း- သေဆုံးသူအမျိုးသမီး နှစ်ဦး

ပုံအညွှန်း- သေဆုံးသူအမျိုးသမီး နှစ်ဦး

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်-ကရင်အစပ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာကို ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး ဒေသခံအမျိုးသမီး တဦးကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံထံမှ သိရသည်။

“စကစတွေ ရွာထဲဝင်ပြီး ပစ်သတ်လိုက်တာ။ ကလေးမလေးဆို သူငယ်ငယ်လေးပဲ ဘာမှသိပ်နားလည်တာမဟုတ်ဘူး။ အကြောင်းမဲ့ ပစ်သတ်နေတာ။ ပစ်ရင်တောင် မသေမယ့်နေရာတို့ ဥပမာခြေထောက်တို့ ပစ်ပေါ့နော်။ ခုဟာက လူတွေကို ရည်ရွယ်ချက်ရှိရှိ သက်သက်မဲ့ သတ်နေတာ” ဟု ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

မတ်လတတိယအပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်ဖျက်ဆီးခဲ့သည့် ကော့ဘိန်းရဲစခန်းကို ပြန်လည်ထိန်းချုပ်ရန် အင်အား ၃၀၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့( ဧပြီလ ၂၅ ရက်)နံနက ၇ နာရီခန့်တွင် ကော့ဘိန်းကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ လမ်းတွင်သွားလာနေသည့် အသက်၂၀ ကျော်အရွယ် အမျိုးသမီးတဦးကို သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဂျိုင်းမြစ်ဒေသရှိ ကျိုက်မရောမြို့နယ် ကော့စွယ် ကျေးရွာအတွင်းသို့ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်ခန့်တွင် လက်နက်ကြီးကျည်ကျရောက်ကာ ဦးရွှေထိန်း၏ ဇနီး(အသက် ၃၅ နှစ်ကျော်)ဖြစ်သူ ကျောကုန်းကျည်စထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။

“သွေးထွက်လွန်ပြီး သေသွားတာ။ ဘယ်ကနေပစ်လာတဲ့ ဗုံး(လက်နက်ကြီးကျည်)လဲမသိပါဘူး။ အစထိမှန်ပြီး သေသွားတာပါ” ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း ကော့ခိုက်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး အသက် ၄၀ အရွယ်အမျိုးသမီး တဦးထိခိုက်ဒဏ်ရာရကာ နေအိမ်အချို့ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် လက်ရှိတွင် ကော့ဘိန်း ကျေးရွာအတွင်း နှင့် ကော့ဘိန်းနယ်မြေရဲစခန်းတို့တွင် နေရာယူတပ်စွဲထားရာ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယင်းအပြင် ကျေးရွာအတွင်းရှိ နေအိမ်အတွင်းမှ ပစ္စည်းများကိုလည်း ဖောက်ထွင်းယူဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“နေရာအနှံ့ပဲ သူတို့နေရာယူထားတာ။ ရွာကပစ္စည်းတွေလည်း လိုက်သိမ်းနေတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

မဇ္ဈိမထံသို့ ပေးပို့သော ဓာတ်ပုံအတွင်းတွင်လည်း ကားတစီးပေါ်တွင် ဒေသခံနေအိမ်များမှ ယူဆောင်ထားသည့် ဆိုင်ကယ် တစီး၊ ပစ္စည်းအချို့ နှင့်အတူ လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သားကိုလည်း တွေ့မြင်ရသည်။

ပုံအညွှန်း- သေဆုံးသူအမျိုးသမီး နှစ်ဦး

စစ်ကောင်စီတပ်သည် ကော့ဘိန်းရွာတိုက်ပွဲအပြီး မတ်လကုန်ပိုင်းကတည်းက စတင်ကာ မော်လမြိုင်-ကျိုက်မရော-ကော့ကရိတ် ကို ဆက်သွယ်ထားသည့် ရမ္မဝတီလမ်းမကြီးတလျှောက် ကျိုက်မရောဘက်ရှိ ခရုံဂူလမ်းဝ၊ ကော့စွယ်၊ ကော့သပ်၊ တရနာ နှင့် သံကလောင်ကျေးရွာများအတွင်းတွင် စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ် ကော့ဘိန်း၊ ကော့ပေါက် စသည့် ကျေးရွာများဘက်မှ စစ်ကြောင်းထိုးလာကာ ဝင်ရောက်နေရာယူလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် ကော့ဘိန်း နယ်မြေရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့တွင် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သား ၂၃ ဦး အလံဖြူထောင်လက်နက်ချသဖြင့် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ကော့ဘိန်းနယ်မြေရဲစခန်းကို မီးရှို့ကာ တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့သည်။

ယင်းတိုက်ပွဲကြောင့် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်း၊ ဘုရားကြီး၊ လိမ္မော်ကုန်း၊ နောင်ခေတ် စသည့် ကျေးရွာ ခုနစ်ရွာထက်မနည်းမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ကြပြီး ဧပြီလ ဒုတိယအပတ်တွင် တိုက်ပွဲငြိမ်သက်နေသဖြင့် ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်ခဲ့ကြသော်လည်း ဧပြီလ ၂၃ ရက်နေ့ညတွင် စစ်ကောင်စီမှ လေကြောင်းကင်းထောက်မှုများ လုပ်ဆောင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထို့ကြောင့် ကော့ဘိန်း အနီးရှိ ကော့ပေါက်၊ ကော့ပလိုင်း ၊ ကော့ခိုက် စသည့် အနီးအနားရှိ ကျေးရွာမှ ဒေသခံများသည် ဧပြီလ ၂၄ ရက် နံနက်အစောပိုင်းမှစတင်ကာ ရွာလုံးကျွတ် ပြန်လည်တိမ်းရှောင်နေကြရကြောင်း သိရသည်။

ဂျိုင်းမြစ်ဒေသရှိ ကော့ကရိတ်နှင့် ကျိုက်မရောမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မြေပြင်အခြေအနေကို သိရှိနိုင်ရန် Lion Battalion စစ်ကြောင်း နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ တာဝန်ရှိသူများကို မဇ္ဈိမ မှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)