တရုတ်၏ မတ်လ ပို့ကုန်၊ သွင်းကုန် ကျဆင်း

ရိုက်တာ

တရုတ်၏ ပြည်ပပို့ကုန် တင်ပို့မှုသည် ပြီးခဲ့သည့် မတ်လက သိသိသာသာ ကျုံ့ဝင်ကျဆင်းခဲ့သလို သွင်းကုန်များကလည်း မမျှော်လင့်ဘဲ ကျဆင်းခဲ့ပြီး ပမာဏကြီးကြီးမားမားအားဖြင့် ကြိုတင်ခန့်မှန်းချက်များနှင့် လွဲချော်ခဲ့သည်။ ယင်းက တရုတ်၏ မူဝါဒချမှတ်သူများ ရင်ဆိုင်နေရသည့် ကြီးလေးသော လုပ်ငန်းတာဝန်တခုကို မီးမောင်းထိုးပြသနေပြီး ၎င်းတို့အနေဖြင့် ချည့်နဲ့နေသော စီးပွားရေး ပြန်နာလန်ထူမှုကို အထောက်အပံ့ပြုရန် ကြိုးပမ်းနေရသည်။

နှစ်အစပိုင်းတွင် ယေဘုယျအားဖြင့် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ပြီးနောက် ယခု မျှော်လင့်အားရဖွယ် မရှိသည့် ဒေတာများက ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး နိုင်ငံအတွက် ဆုတ်ဆိုင်းမှုတခုကို ကိုယ်စားပြုသည်။ တရုတ်သည် COVID အလွန်ကာလ ထိန်းထားနိုင်သော ပြန်လည်နာလန်ထူမှုကို ဖြစ်ပေါ်စေရေး အပြင်းအထန် ရုန်းကန်နေရပြီး ယင်းအပေါ်တွင် အီလေးဆွဲနေသော အိမ်ခြံမြေအကျပ်အတည်း၊ တိုးလာသော ဒေသအစိုးရကြွေးမြီများနှင့် ပုဂ္ဂလိကကဏ္ဍ သုံးစွဲငွေ အားနည်းမှုတို့က ဝန်ပိစေလျက် ရှိသည်။

တရုတ်မှ ပြည်ပပို့ကုန်တင်ပို့မှုများက ပြီးခဲ့သည့်လတွင် တန်ဖိုးအားဖြင့် တနှစ်ထက် တနှစ် ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကြောင်း ဧပြီ ၁၂ ရက် အကောက်ခွန်ဒေတာများက ပြသနေပြီး ယင်းသည် ယမန်နှစ် ဩဂုတ်လနောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်ကာ ယင်းကို ရိုက်တာ စီးပွားရေးပညာရှင်များ စစ်တမ်းတခု၌ ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းမှု ခန့်မှန်းချက်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ တရုတ် ပို့ကုန်များသည် ဇန်နဝါရီ- ဖေဖေါ်ဝါရီ ကာလက ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ပြည်မကြီး တရုတ် စတော့ဈေးကွက်များ ပိတ်ပြီးနောက် ဒေတာများကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သော်လည်း ဟောင်ကောင်၏ အဓိက အညွှန်းကိန်းများက ဆုံးရှုံးမှုများကို နှစ်ရာခိုင်နှုန်းကျော် ဖြစ်ပေါ်စေခဲ့သည်။

“ပို့ကုန်တန်ဖိုးပိုင်းမှာ မှန်းထားတာထက် ပိုများတဲ့ တနှစ်ထက်တနှစ် ကျဆင်းမှု ဖြစ်ပေါ်ခဲ့ပေမယ့် ပို့ကုန်ပမာဏတွေကတော့ စံချိန်တင် မြင့်မားမှုဆီ ချဉ်းကပ်သွားခဲ့ပါတယ်” ဟု Capital Economics မှ အကဲခတ်တဦးက ပြောပြီး တရုတ်ပို့ကုန်တင်ပို့သူများအနေဖြင့် ပြည်တွင်းဝယ်လိုအား အားနည်းနေစဉ်အတွင်း ရောင်းချမှုများကို ဆက်ထိန်းထားနိုင်ရေး ဈေးနှုန်းများ ဆက်လက်လျှော့ချနေကြောင်းကိုလည်း ပြောဆိုသည်။

ယမန်နှစ် နှိုင်းယှဉ်မှုဆိုင်ရာ မြင့်မားသော အခြေခံတခုက တစိတ်တပိုင်းအားဖြင့် ပို့ကုန်ကျဆင်းမှုကို ဦးတည်စေခဲ့ကြောင်း စီးပွားရေးပညာရှင်တချို့က ပြောဆိုကြပြီး ယမန်နှစ်မတ်လက အလုပ်သမား အများအပြား COVID-19 ကူးစက်မှုလှိုင်းမှ ပြန်လည်နာလန်ထူလာခြင်းနှင့်အတူ ထုတ်လုပ်မှုက ခုန်တက်ခဲ့ကြောင်းလည်း မှတ်ချက်ပြုသည်။

ပထမသုံးလပတ်တွင် ပို့ကုန်ရော၊ သွင်းကုန်ရောသည် တနှစ်ထက်တနှစ် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

မြင့်တက်နေသော အတိုးနှုန်းထားများက ပြည်ပ ဝယ်လိုအားအပေါ် ဖိစီးခဲ့ခြင်းနှင့်အတူ တရုတ် ပို့ကုန်တင်ပို့သူများသည် ယမန်နှစ်၏ ကာလအများစုတွင် ခက်ခဲသော အချိန်တခုနှင့် ရင်ဆိုင်ခဲ့ရသည်။ အမေရိကန်ဗဟိုဘဏ်နှင့် အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများက ငွေချေးယူမှု တန်ဖိုးစရိတ်များ လျှော့ချဖြတ်တောက်ရန် အလောသုံးဆယ်လုပ်မည် မဟုတ်သေးကြောင်း ပြသထားခြင်းအားဖြင့် ကုန်ထုတ်လုပ်သူများအနေဖြင့် နောက်ထပ် ဝန်ပိမှုများနှင့် ရင်ဆိုင်နိုင်ရပြီး ၎င်းတို့သည် ပြည်ပသို့ ရောင်းချမှုများကို ကျားကန်ရန် ကြိုးပမ်းနေကြရသည်။

မီးထုတ်ကုန်စက်ရုံတခု ပိုင်ဆိုင်သည့် ခရစ်လင်သည် လာမည့်သီတင်းပတ် တရုတ်၏ အကြီးမားဆုံး ကုန်စည်ပြပွဲ၌ ပြခန်းတခု ငှားရန် ယွမ်သောင်းချီ သုံးစွဲထားခဲ့သည်။ သို့သော် ၎င်းတွင် မြင့်မားသည့် မျှော်မှန်းချက်များ ရှိမနေပေ။

“ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကြည့်ဖို့လာကြတဲ့ ဥရောပနဲ့ အမေရိကန်က ဝယ်သူတွေ ပိုပိုပြီး နည်းနည်းသွားတယ်” ဟု လင်က ပြောသည်။

လုပ်ငန်းတချို့တွင် တရုတ်၏ လိုအပ်သည်ထက် များစွာ ကျော်လွန်ပြီး ကုန်ထုတ်နိုင်ခြင်းအပေါ် အနောက်နိုင်ငံများ၏ စိုးရိမ်ပူပန်မှုတို့အရ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ဗဟိုချက်အတွက် နောက်ထပ် ကုန်သွယ်မှု အတားအဆီးများ ဖြစ်စေနိုင်ခြင်းအပေါ် အကဲခတ်များက သတိပေးသည်။

တရုတ်၏ သွင်းကုန်များက ယခုနှစ် ပထမနှစ်လတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီးနောက် မတ်လအတွက်မူ သွင်းကုန်များက တနှစ်ထက်တနှစ် ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။