အစ္စရေးကို အမေရိကန်က ကာကွယ်ပေးသွားမည်ဖြစ်ပြီး၊ အီရန်တိုက်ခိုက်မှုကို ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ

ပုံစာ -အစ္စရေးမြောက်ပိုင်းရှိ ပစ်မှတ်များကို အီရန်က ပစ်ခတ်နေစဉ်။

ပုံစာ -အစ္စရေးမြောက်ပိုင်းရှိ ပစ်မှတ်များကို အီရန်က ပစ်ခတ်နေစဉ်။

BBC/ Reuters

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ပြင်သစ်၊ မက္ကဆီကို၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ နော်ဝေနှင့် နယ်သာလန် တို့က အီရန်၏ အစ္စရေးအား တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် စကားပြောပြီးနောက် အမေရိကန်သမ္မတ ဘိုင်ဒင်၏ ကြေညာချက်ကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

အစ္စရေးသို့ တိုက်ခိုက်လာသော ဒရုန်းများနှင့် ဒုံးကျည်များကို ပစ်ချရန် အမေရိကန်က ကူညီခဲ့ပြီး အစ္စရေး၏ လုံခြုံရေးအတွက် အမေရိကန်က အခိုင်အမာ ထပ်မံအတည်ပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျီ-၇ ခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ခြိမ်းခြောက်မှုများကို သတိရှိရှိ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ယနေ့အစောပိုင်းက၊ ယီမင်၊ ဆီးရီးယားနှင့် အီရတ်မှာရှိသည့် အီရန်နှင့် ၎င်း၏ လက်ဝေခံများသည် အစ္စရေးရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို မကြုံစဖူး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ယင်းတိုက်ခိုက်မှု များကို အပြင်းအထန် ရှုတ်ချပါသည်။”

“မနက်ဖြန်တွင် အီရန်၏ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုများကို သံတမန်ရေးအရ တုံ့ပြန်ရန် ဂျီ-၇ ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ ကျွန်ုပ်၏ အဖွဲ့သည် ဒေသအနှံ့ရှိ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် များနှင့် ထိတွေ့ဆက်ဆံနေပြီး အစ္စရေးခေါင်းဆောင်များနှင့်လည်း နီးနီးကပ်ကပ် ဆက်သွယ်သွား မည်ဖြစ်သည်။ ယနေ့ထိ အမေရိကန်တပ်ဖွဲ့များ သို့မဟုတ် အဆောက်အအုံများကို တိုက်ခိုက်ခြင်း မရှိသေးသော်လည်း ခြိမ်းခြောက်မှုအားလုံးကို သတိထားပြီး ကျွန်ုပ်တို့၏ ပြည်သူများကို ကာကွယ်ရန် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်သည်။” ဟု အမေရိကန် သမ္မတ ဘိုင်ဒင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“အီရန်က အစ္စရေးဆီကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်၊ အဲဒီက ဒေသတစ်ခုလုံးကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ အီရန်နဲ့

သူ့ရဲ့လက်ဝေခံတွေက ဒါကို ချက်ချင်းရပ်ပစ်ရမယ်။ အစ္စရေးနဲ့ အမြဲရပ်တည်နေပါတယ်။” ဟု ဂျာမနီနိုင်ငံခြား ရေး ဝန်ကြီး အန်နာလီနာဘာဘော့က ပြောကြားခဲ့သည်။

အီရန်၏ မဆင်မခြင် တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဗြိတိန်သည် အစ္စရေး၏ လုံခြုံရေးနှင့် ဒေသတွင်း မိတ်ဖက် အားလုံး၏ လုံခြုံရေးအတွက် ဆက်လက်ရပ်တည်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဆူနက်က ကတိပြုခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အီရန်က အစ္စရေးအပေါ် အင်အားပြည့် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။

“ဒီရန်လိုမှုတွေကို ချက်ချင်းရပ်ပစ်ဖို့ နဲ့ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ တောင်းဆိုပါတယ်” လို့ ၎င်းက ပြောကြားသည်။

“ဒေသတွင်းကရော ကမ္ဘာကပါ တခြားစစ်ပွဲအတွက် အကုန်အကျမခံနိုင်တော့ပါဘူး” ဟု ၎င်းက သတိပေးခဲ့ သည်။

ကုလသမဂ္ဂလုံရေးကောင်စီကလည်း အရေးပေါ်အစည်းအ‌ဝေးကို ဧပြီလ ၁၅ရက်တွင် ခေါ်ဆိုသွားမည်ဖြစ်သည်။

တရုတ်ကလည်း နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် ပြောကြားလိုက်သည်။

အီရန်က အစ္စရေးကို ဒရုန်းများနှင့် ဒုံးကျည် ဒါဇင်ပေါင်းများစွာကို ပစ်လွှတ်ခဲ့ပြီး ယင်းကဲ့သို့ လက်တုံ့ပြန် တိုက်ခိုက်လာမည်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပြီးဖြစ်သည်။

သိမ်းပိုက်ထားသော နယ်မြေများရှိ ပစ်မှတ်များကို အဓိက ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန် အစ္စလာ မ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)က ပြောကြားခဲ့သည်။

အစ္စရေးလေပိုင်နက်အပြင်ဘက်ရှိ ခရုဇ်ဒုံးကျည်များနှင့် ဒရုန်းများစွာကို အစ္စရေးနှင့် အခြားနိုင်ငံများက ကြားဖြတ် ဟန့်တားခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အီရန်တိုက်ခိုက်မှု စတင်ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က စစ်ပွဲဆိုင်ရာ အစိုးရအဖွဲ့ အစည်းအဝေးခေါ်ယူခဲ့သည်။

ယင်းသည် နှစ်ပေါင်းများစွာကြာ ကြားခံစစ်ပွဲတွင် ပါဝင်ခဲ့သည့် မဟာရန်သူတော်နှစ်ဉီးအကြား ပထမဦးဆုံး အကြိမ် တိုက်ခိုက်ခြင်း ဖြစ်သည်။

ထိပ်တန်းတပ်မှူးတဦးအပါအဝင် အီရန်အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့(IRGC)မှ အရာရှိခုနစ်ဦး သေဆုံးခဲ့သည့် ဧပြီ ၁ ရက်က ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးအား တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မည် ဟု အီရန်က ကတိပြုခဲ့သည်။ ယင်းတိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့သော်လည်း အစ္စရေးက အတည်မပြုခြင်း၊ ငြင်းဆန်ခြင်းမရှိခဲ့ပေ။

“ဒီည အီရန်က ကျယ်ကျယ်ပြန့်ပြန့်အရှိန်အဟုန်နဲ့ တိုက်ခိုက်နေပါတယ်” ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက ပြောကြားခဲ့သည်။

အီရန်သည် လူသတ်ဒရုန်းများ၊ ခရုဇ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည် ၂၀၀ ကျော်ကို ပစ်လွှတ်ကြောင်း၊ အစ္စရေးနှင့် ဒေသမဟာမိတ်များက အများစုကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်အချို့ ထိမှန်ခဲ့ပြီး စစ်အခြေစိုက်စခန်းအနည်းငယ် ပျက်စီးခဲ့သော်လည်း ထိခိုက် သေဆုံးမှုမရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တောင်ပိုင်း အာရဒ်ဒေသတွင် အပျက်အစီးများ ပြုတ်ကျမှုကြောင့် ၁၀ နှစ်အရွယ် ဘယ်ဒယ်နင် မိန်းကလေး တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးလူနာတင်ယာဉ်ဝန်ဆောင်မှုမှ ပြောကြားခဲ့သည်။

အမေရိကန် တပ်ဖွဲ့ဝင်များသည် ဒရုန်းအများအပြားကို ပစ်ချခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးက CBS သို့ ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံတဝန်းတွင် အချက်ပေးဥဩသံများထွက်ပေါ်လာပြီး ဂျေရုဆလင်မြို့တခွင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများကြားရပြီး မြို့ပေါ်ရှိ ဒရုန်းများကို လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ပစ်ချခဲ့သည်။

အစ္စရေး၊ လက်ဘနွန်နှင့် အီရတ်တို့က ယင်းတို့၏ လေပိုင်နက်များကို ပိတ်ထားပြီး ဆီးရီးယားနှင့် ဂျော်ဒန် တို့က လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကို တပ်လှန့်ထားသည်။

အီရန် လက်နက်ကိုင်တပ်ဖွဲ့များ၏ အင်အားအကြီးဆုံး ဌာနခွဲဖြစ်သည့် အီရန် IRGC က ဒမတ်စကတ်ရှိ အီရန် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုအပါအဝင် အစ္စရေး ဇီယွန် အစိုးရ၏ ထပ်ခါတလဲလဲ ရာဇ၀တ်မှုများကို လက်တုံ့ ပြန်သည့်အနေဖြင့် တိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်၏ ဒုံးကျည်ပစ်လွှတ်မှု သတင်းများ မထွက်မီသေးတွင်ပင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာ ဟု က နိုင်ငံ၏ “ကာကွယ်ရေးစနစ်များ” ကို အသင့်ပြင်ထားကြောင်း ပြောကြားခဲ့သည်။

“ခံစစ်ရော၊ ထိုးစစ်ရော ဘယ်အခြေအနေအတွက်မဆို ကျွန်တော်တို့ အဆင်သင့်ပါပဲ။ အစ္စရေးနိုင်ငံတော်က ခိုင်မာ အားကောင်းတယ်။ ကာကွယ်ရေးတပ်ဖွဲ့က အားကောင်းတယ်။ လူထုက အားကောင်းတယ်။’ ဟု ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်တို့က ယင်းတို့၏လေပိုင်နက်ကို စနေနေ့ညတွင် ပိတ်လိုက်ကြောင်း ပြောကြားခဲ့ သည်။ အီရန်နှင့် အစ္စရေးကြားတွင် တည်ရှိသည့် ဂျော်ဒန်က ပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် ဒရုန်း သို့မဟုတ် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားရန် လေကြောင်းရန် ကာကွယ်ရေး အဆင်သင့်ပြင်ထားကြောင်း ဒေသတွင်း လုံခြုံရေး သတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

ဂျော်ဒန်လေတပ်သည် ယင်း၏လေပိုင်နက်ကို ဖြတ်သန်းကာ အစ္စရေးသို့ ဦးတည်သွားနေသည့် ဒါဇင်နှင့် ချီသော အီရန်ဒရုန်းများကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ဒေသတွင်း လုံခြုံရေးသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

စစ်တပ်ကလည်း အမြင့်ဆုံး တပ်လှန့်ထားပြီး ရေဒါစနစ်များက အီရတ်နှင့် ဆီးရီးယားမှ လာသော မည်သည့် ဒရုန်းလှုပ်ရှားမှုကိုမဆို စောင့်ကြည့်နေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဂျော်ဒန်မြို့အများအပြားမှ ဒေသခံများကလည်း ဒုံးကျည်အများအပြားဖြင့် ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း ဆိုသည်။

အီရန်၏ မဟာမိတ်ဖြစ်သည့် ဆီးရီးယားက မြို့တော်နှင့် အနီးတဝိုက်တွင် မြေပြင်မှ ဝေဟင်ပစ်ကာကွယ်ရေး စနစ်များ အသင့်ပြင်ထားကြောင်း ပြောကြားခဲ့ကြောင်း အဆိုပါ စစ်ဘက်သတင်းရင်းမြစ်များက ဆိုသည်။

အီရန်မြေတွင် ဆင်နွှဲနေသည့် စစ်ဆင်ရေးတခုကဲ့သို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို လက်တုံ့ပြန်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

ကနေဒါကလည်း အစ္စရေး၊ ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသများသို့ နိုင်ငံသားများအား မသွားရောက်ရန် သတိပေးထားသည်။