ပေါင်တွင် ရထားနှင့် ကားတိုက်မိ၊ ကားပေါ်ပါ အမျိုးသမီး သေဆုံး

ရထားနှင့် ကား တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားရာနေရာ

YT

မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာတွင် ရထားနှင့် ရထားလမ်းဖြတ်ကူးသည့်ကား တိုက်မိပြီး ကားပေါ် ပါလာသော အမျိုးသမီးတဦး သေဆုံး၍ ယာဉ်မောင်းအပါအဝင် သုံးဦး ဒဏ်ရာရခဲ့ကြောင်း မျက်မြင်ဒေသခံတဦးက ပြောသည်။

ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီ၃၀ မိနစ်အချိန်က ကျွဲခြံကျေးရွာနှင့် ကော့ကရင် ကျေးရွာအကြား ရွာချင်းဆက်လမ်းနှင့် ရန်ကုန်- မော်လမြိုင် ရထားလမ်း ဆုံရာနေရာတွင် အမှတ် (၈၁) အစုန် ရန်ကုန်- မော်လမြိုင် လူစီးရထားနှင့် ရွာချင်းဆက်လမ်းကို ဖြတ်မောင်းသည့် ဟိုက်ဂျက်ယာဉ် တိုက်မိခဲ့ခြင်းဖြစ်သည်။

” ရထားက ရန်ကုန်က လာတဲ့ ရထားပါ။ ရထားလမ်းနဲ့ ကားလမ်းဆုံမှာက တားလမ်းမရှိဘူး။ အလွတ်ပဲ၊ ကားကလည်း လွတ်မယ်ထင်ပြီး ဖြတ်မောင်းတာနေမှာ။ ကားချိတ်ပြီး ပါသွားတာလေ” ဟု ရထားပေါ်ပါလာသည့် ခရီးသွားတဦးက မဇ္ဈိမကို ပြောသည်။

ကားသည် ရထားနှင့်အတူ ပေ ၅၀၀ ကျော် ပါသွားခဲ့ပြီး အဆိုပါ ရထားနှင့် ကားတိုက်မိမှုကြောင့် ယာဉ်မောင်းအပါအဝင် ကားပေါ်ပါလာသူ လေးဦးအနက် အမျိုးသမီးတဦး သေဆုံး၍ အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်ရခဲ့ကာ ယာဉ်မောင်း အနည်းငယ် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” ကားက ယာဉ်မောင်းရယ် အနောက်မှာ သုံးယောက် ထိုင်လိုက်လာတာလေ။ အမျိုးသမီးတယောက်က လွင့်ကျန်ခဲ့တာ။ ယာဉ်မောင်းကတော့ အရမ်းမထိခိုက်သွားဘူး။ ဖြစ်ပြီးတော့ ရထားက နာရီဝက်လောက်အထိ ရပ်နေရတာပေါ့။ ကားချိတ်မိနေတော့ ဆွဲထုတ်ရသေးတယ်လေ” ဟု ရထားပေါ်ပါ ခရီးသွား အမျိုးသမီးက ပြောသည်။

ရထားနှင့် ကားတိုက်မှု ဖြစ်စဉ်အပြီး နာရီဝက်အကြာ ရထားသည် မော်လမြိုင်ဘက်သို့ ခရီးဆက်သွားခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများကိုမူ ပေါင်မြို့နယ်ဆေးရုံမှ တဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ညနေ ၆ နာရီကျော်အချိန်တွင် ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းထံက သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ တောင်ကလေးဘူတာနှင့် သဘက်ဆွဲဘူတာအကြားတွင် မော်လမြိုင်မှ လာသည့် မော်လမြိုင်- ရန်ကုန် ရထားနှင့် ရထားလမ်းဘေး တာဘောင်၌ မောင်းနှင်လာသည့် ဆိုင်ကယ်တစီးနှင့် တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းလာသည့် ဘီးလင်းမြို့နယ်၊ ရပ်ကွက် (၈)မှအမျိုးသမီး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး