ရှော့တိုက်ဒုံးများ ပစ်ခတ်မှုဖြစ်ပြီးနောက် ပြင်ဦးလွင်မြို့အဝင်အထွက်ကို ပိတ်လိုက်

စစ်တက္ကသိုလ် (DSA)/Photo- Google

၀၀၈၊ ရွှေနွယ်

(မဇ္ဈိမ) ။ ။ စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့တွင် ယမန်နေ့ညက ရှော့တိုက်ဒုံးများ ပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ (ဧပြီလ ၁၅ ရက်) နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီက မြို့အဝင်၊ အထွက်လမ်းများကို ပိတ်လိုက်ပြီး မြို့အနှံ့လုံခြုံရေး တိုးမြှင့်ကာ ကင်းလှည့်နေကြောင်း မြို့ခံများက ပြောသည်။

ပြင်ဦးလွင်မြို့သို့လာသော ခရီးသည်တင်ကားများနှင့် ကုန်ကားများကိုလည်း ပြန်လည့်ခိုင်းခဲ့ကြောင်း သိရသည်။

“မြို့အဝင်၊အထွက် အတင်းအဆင်းလမ်းကို ပိတ်ပြီး လုံခြုံရေးအပြည့်ရှိနေတာ တွေ့တယ်။မြို့ထဲလည်းတင့်ကားတွေနဲ့လှည့်နေတယ်။အခုမနက်ပိုင်းအခြေအနေကိုပြောတာနော်။ဘာဆက်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့လည်း စိတ်ဝင်စားနေတယ်။”ဟု ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

“ပြင်ဦးလွင်မှာ ဒီနေ့ မနက် ၁၆ မိုင်ဝန်းကျင်ကနေစပြီး တောင်လှေကားလမ်းတလျှောက်လုံး မြို့ထဲထိ ကားတွေပိတ်နေပါတယ်၊ စကစကလည်း အစစ်အဆေး အရမ်းကြမ်းနေတယ်” ဟု နောက်ထပ်မြို့ခံအမျိုးသမီးတဦးကလည်း ပြောသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်များကို ဦးတည်သော ရှော့တိုက်ဒုံးပစ်ခတ်မှုများ ယမန်နေ့ (ဧပြီလ ၁၄ ရက်) နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

“အဓိက ဦးတည်တာက စစ်တက္ကသိုလ်နဲ့ စစ်အင်ဂျင်နီယာ တက္ကသိုလ်ဖြစ်မယ်။ အခုကတော့ တင်းမာတဲ့အနေအထားပဲ”ဟု ပြင်ဦးလွင်မြို့ခံတဦးက ပြောသည်။

စစ်ဗိုလ်အရာရှိများအား မွေးထုတ်ပေးနေသည့် တခုတည်းသော DSA စစ်တက္ကသိုလ်ဝင်းတွင်း ရှော့တိုက်ဒုံးငါးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျယ်လောင်သော အသံများကို ကြားခဲ့ရကြောင်း မြို့ခံများက ပြောသည်။

ပြည်သူ့ဆေးရုံ၏ အရိုးကုသဆောင်၊ အောင်မြေဇေယျာ ဘုန်းကြီးကျောင်း၊ ဆင်လမ်းကျေးရွာအုပ်စုနှင့် ကန်တော်ကြီးပတ်လမ်းရှိ သင်္ကြန်မဏ္ဍပ်အနီးလည်း ကျည်ကျရောက်မှု ရှိခဲ့သည်။ အောင်ဇေယျာဘုန်းကြီးကျောင်းတွင်း ကျရောက်ပေါက်ကွဲမှုတွင် သံဃာနှစ်ပါး ပျံလွန်တော်မူပြီး အရပ်သား တဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အရိုးဆေးရုံပေါ် ကျည်ကျရောက်မှုတွင် အနည်းဆုံးခြောက်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

“ဆေးရုံကိုကျတဲ့အလုံးက ဘယ်ဘက်ကဆိုတာ အဲ့ဒါအခုစုံစမ်းနေတုန်း။ ညမှာ ဟိုဖက်နဲ့ဒီဖက်အပြိုင်ပစ်ကြတာ။ ပြောဖို့ခက်တယ်” ပြင်ဦးလွင်မြို့ခံ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။

ယခုရှော့တိုက်ဒုံးပစ်ခတ်မှုအား မည်သည့်တပ်ဖွဲ့က ပြုလုပ်ခဲ့သည်ကို မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီ ၈ ရက်၊ နံနက် ၃ နာရီခန့်ကလည်း ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ် (DSA) ကျောင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ယင်းပစ်ခတ်မှုကို မန္တလေးတိုင်း ပကဖက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NUG က တရားဝင် ထုတ်ပြန်ခဲ့သည်။

ပြင်ဦးလွင်မြို့နှင့် မိုင် ၄၀ ခန့်ကွာဝေးသော မန္တလေးမြို့၏ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနီးတွင်လည်း ယမန်နေ့ (ဧပြီ ၁၄ရက်) နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြသည်။

စာတည်း။ ။ နောင်နောင်