ကွတ်ခိုင် KIA ဆက်ဆံရေးရုံးကိစ္စ KIAနှင့်TNLA ပြေလည်မှုရဟုဆို

ဓါတ်ပုံ- The Kachin Sub State Media

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်ရှိ KIAပြည်သူ့ဆက်ဆံရေးရုံးပိတ်သိမ်းပြီး KIA တပ်ဖွဲ့ဝင်များဖယ်ရှားပေးရန် TNLA က အကြောင်းကြားခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများ ယနေ့(ဧပြီလ ၁၅ရက်) တွေ့ဆုံညှိနှိုင်းကာ လတ်တလော၌ ပြေလည်မှုရရှိပြီဟု ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

” ဒီ‌နေ့ တွေ့ဆုံညှိနှိုင်းကြတယ်။လတ်တလောမှာတော့ လက်အောက်ငယ်သားတွေကပြောတာမို့ ဖယ်ရှားဖို့အစီအစဉ်မရှိပါဘူးပေါ့။ TNLA စစ်ရေးတာဝန်ခံဘက်ကပြောတာ” ဟု ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် ဒေသခံတဦးကပြောသည်။

ကွတ်ခိုင်မြို့၊ရပ်ကွက်(၁)၊ပြည်ထောင်စုလမ်းမဘေးရှိKIA ပြည်သူ့ဆက်ဆံရေးရုံးပိတ်သိမ်းရန်နှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားထွက်ခွာရန် TNLAမှ ဗိုလ်ရွှေတောနှင့် နယ်မြေအုပ်ချုပ်ရေးမှူးပန်ဆန်ဆိုသူတို့ကပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင် ပထမအကြိမ်အကြောင်းကြားလာပြီး ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းတွင်လည်း TNLA မှ ဗိုလ်သန်းအောင်နှင့်ဗိုလ်အိုက်နိုင်တို့က ဒုတိယအကြိမ်အကြောင်းကြားခဲ့ကြောင်း ဒေသအခြေစိုက် The Kachin Sub State Media မှ ဖော်ပြထားသည်။

ယင်းသတင်းကြောင့် ယ‌နေ့တွင် ကွတ်ခိုင်မြို့၊KIA ပြည်သူ့ဆက်ဆံရေးရုံးရှေ့သို့ ဒေသခံအများအပြား စုရုံးရောက်ရှိလာပြီး စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသည်ဟု သိရသည်။ နေ့လယ်ပိုင်းတွင် KIAနှင့် TNLA တာဝန်ရှိသူအချို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

KIA ဆက်ဆံရေးရုံးပိတ်သိမ်းရန်နှင့်တပ်ဖွဲ့ဝင်များထွက်ခွာရန် အကြောင်းကြားခြင်းမှာ TNLA အုပ်ချုပ်ရေးပိုင်းမှမဟုတ်ဘဲ စစ်ရေးပိုင်းဆိုင်ရာ အရာရှိငယ်များ၏ အထက်အမိန့်မရဘဲ မှားယွင်းခြင်းကြောင့်သာဖြစ်ကြောင်း ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် TNLA ဘက်မှ ပြောခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

” ဆက်ဆံရေးရုံးက KIA ကဝယ်ထားတဲ့နေရာ။ နောက်ပြီး ဆက်ဆံရေးရုံးလည်းဖွင့်ထားတဲ့နေရာလေ။လက်ရှိတော့ အုတ်အော်သောင်းနင်းဖြစ်စရာတော့မရှိပါဘူး” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

အဆိုပါရုံး၌ KIA တပ်ဖွဲ့ဝင်များ ယနေ့ညနေအထိ ရှိနေပြီး အခြေအနေပုံမှန်အတိုင်း အေးအေးဆေးဆေးရှိကြောင်း မြို့ခံများကပြောသည်။

ယနေ့ဆွေးနွေးမှုအသေးစိတ်နှင့် နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုအခြေအနေကို KIAပြန်ကြားရေးတာဝန်ရှိသူထံ မဇ္ဈိမကမေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရရှိသေးပေ။TNLA ပြန်ကြားရေးဌာနတာဝန်ရှိသူကကွတ်ခိုင်မြို့ KIA ဆက်ဆံရေးရုံးမှ KIA တပ်ဖွဲ့ဝင်များအားပြောင်းရွှေ့ဖယ်ရှားရန် TNLA ဗဟိုမှ အောက်ခြေအဆင့်ဆင့်အား ညွှန်ကြားခဲ့ခြင်းမရှိဟု ယ‌နေ့ညနေပိုင်းတွင် မဇ္စျိမကို ‌ ပြောသည်။

ကွတ်ခိုင်မြို့သည် KIA တပ်မဟာ(၄) လှုပ်ရှားရာဒေသတွင်ပါဝင်ပြီး TNLAတပ်မဟာ(၅)စစ်ဒေသတွင်လည်း ပါဝင်နေသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ကွတ်ခိုင်မြို့ကို သိမ်းပိုက်ကာ လက်ရှိတွင် TNLAက အုပ်ချုပ်မှုယန္တရားလည်ပတ်ရေး အကောင်အထည် ဖော်နေသည်။ ကွတ်ခိုင်မြို့ရှိ KIA ပြည်သူ့ဆက်ဆံရေးရုံးသည် ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြေပြင်တွင် စစ်ရေးနှင့်အုပ်ချုပ်ရေးပိုင်း၌ KIA နှင့် TNLA ကြား ညှိနှိုင်းစရာများရှိနေကြောင်း ဒေသတွင်းစစ်ရေးသတင်းမြစ်များကပြောသည်။

နှစ်ဖက်တပ်ဖွဲ့ကြား ပဋိပက္ခမဖြစ်ရန်နှင့် ထာဝရမဟာမိတ်သဘောတူစာချုပ်ကို ဆက်လက်အသိအမှတ်ပြုထိန်းသိမ်းသွားရန် ၂၀၂၃ခုနှစ်၊မေလက ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသ၌ KIA နှင့် TNLA မှ နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး သဘောတူခဲ့ကြသည်။KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း တော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှုများကို စစ်ရေးဖြင့်ဖြေရှင်းရန်ဆန္ဒမရှိဘဲ သမိုင်းကြောင်းအခြေခံပြီးဆွေးနွေးဖြေရှင်းရန်ဆန္ဒရှိကြောင်း ဖေဖော်ဝါရီ လ၅ရက်တွင် ကျရောက်သည့် KIAတည်ထောင်ခြင်း(၆၃)နှစ်ပြည့်နေ့ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA) တို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်(NCA)လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်ကြသည်။

စာတည်း – အေးချမ်း