တပ်ရင်းမှူး အပါအဝင် ၄၈ ဦး KNU ထံ လက်နက်ချ

လက်နက်ချ စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ (Photo- KNU)

YT

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၀၃) မှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄)၊ ဘိတ်−ထားဝယ်ခရိုင်ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း KNU ဗဟိုက ယနေ့ (ဧပြီလ ၁၆ ) ရက်နေ့တွင် တရားဝင် ထုတ်ပြန်သည်။

ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကရခ (မြိတ်) လက်အောက်ခံ ခလရ (၁၀၃) မှ စစ်ကောင်စီတပ်သား ၄၈ ဦးသည် ဧပြီလ ၁၅ ရက်နေ့တွင် လက်နက်ကြီး၊ လက်နက်ငယ် ၆၇ လက်နှင့်အတူ လက်နက်ချ အညံ့ခံခဲ့ခြင်း ဖြစ်သည်။

လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း- မြန်မာနယ်စပ်ရှိ ၎င်းတို့၏ ရှေ့တန်းစခန်းကို စွန့်ခွာပြီး ထီးထာ့ဗျူဟာကုန်းသို့ အင်အားစုပေါင်းရန်လာစဉ် ထီးထာ့နှင့် မောထာဒေသအကြား၌ တပ်မဟာ (၄) KNLA ၏ ကြားဖြတ်တိုက်ခိုက်မှုကိုခံရ၍ တပ်ဖွဲ့ဝင်အချို့ ကျဆုံးပြီးနောက် တဖွဲ့လုံး လက်နက်ချလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် လက်နက်ချခဲ့သော စစ်ကောင်စီတပ်သားများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNU က ပြောသည်။

ယခုဧပြီလဆန်းပိုင်းကလည်း သင်္ယန်းညီနောင်ဗျူဟာမှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုဝင် ၆၀၀ ကျော် KNU ထံ လက်နက်ချ အညံ့ခဲ့သည်။

လက်နက်ချ စစ်သုံ့ပန်းများကို ၎င်းတို့၏ သဘောဆန္ဒမပါဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးမည်မဟုတ်ကြောင်း KNU ‌ပြောခွင့်ရသူ ပဒိုစောတောနီးက ဧပြီလ ၈ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် မဇ္ဈိမနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

စာတည်း။ ။ နောင်နောင်