ကလေးဝရဲစခန်းမှဒုရဲအုပ်နှင့်ဇနီး လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

ကလေးဝမြို့နယ်မှ ပြည်သူ့ရင်ခွင်ခိုလုံလာသော ဒုရဲအုပ်နှင့် ၎င်းယူဆောင်လာသော လက်နက်ခဲယမ်းများ။ဓာတ်ပုံ။ ။ CDF KKG

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှ ဒုရဲအုပ်တဦးသည် ဇနီးဖြစ်သူနှင့်အတူ လက်နက်ခဲယမ်းများယူဆောင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာ၍ ကျပ်သိန်း၅၀ချီးမြှင့်ခဲ့ကြောင်း  Chinland Defense Force – Kalay Kabaw Gangaw(CDF KKG)က သတင်းထုတ်ပြန်သည်။

ကလေးဝမြို့ရဲစခန်းမှ ဒုရဲအုပ်တဦးသည် ပြီးခဲ့သည့် တပတ်ခန့်က ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပြီး ယခုမှ သတင်းထုတ်ပြန်ခြင်းဟု CDF -KKG က ယမန်နေ့(ဧပြီလ ၁၅ရက်)တွင် ထုတ်ပြန်အသိပေးသည်။

“ဇနီးပါ ပါလာခဲ့ပါတယ်။ CDM လုပ်တာက တပတ်ခန့်ရှိပြီ။ လုံခြုံတဲ့နေရာရောက်မှ ထုတ်ပြန်တာပါ”ဟု CDF -KKG သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူမှ မဇ္စျိမအားပြောသည်။

အဆိုပါ ဒုရဲအုပ်က BA-94 သေနတ်တလက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆန် အတောင့် ၂၀၀၊ခြောက်လုံးပြူးတလက်၊ ကျည် ၁၂ တောင့်ယူဆောင်လာခဲ့ကြောင်းသိရသည်။ ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀ ဆု ချီးမြှင့်ခဲ့ပြီး ၎င်းတို့၏ ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF -KKG ကဆိုသည်။

စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်ဆက်စပ်ဒေသများ၌ စစ်ရေးလှုပ်ရှားနေသော Chinland Defense Force – Kalay Kabaw Gangaw(CDF KKG)ထံသို့ ယခု ၂၀၂၄ခု နှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ငါးဦးအလင်းဝင်လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ၂၄ရက်ကလည်း ကလေးမြို့မှ ရဲတပ်သားနှစ်ဦးသည် G-3 သေနတ်နှစ်လက်၊ ကျည်ဘောက်ရှစ်ခု ၊ ကျည် ၄၇၀ တောင့်နှင့်အတူ   CDF – KKGထံသို့ ခိုလှုံလာခဲ့ရာ တဦးလျှင် ကျပ်သိန်း ၅၀စီဆုချီးမြင့်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

စာတည်း – အေးချမ်း