BPLA (၃) နှစ်ပြည့် အခမ်းအနားသို့ မဟာမိတ်များ တက်ရောက်

BPLA တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနား / Photos : BPLA

Photos – BPLA

ဂျူချန်း

(မဇ္ဈိမ)။ ။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနားကို ယနေ့ ဧပြီလ ၁၇ရက်နေ့တွင် BPLA ၏ အမှတ် (၁၀၇) စစ်ဒေသဖြစ်သည့် ကရင်ပြည်နယ် တောတွင်းတနေရာ၌ ကျင်းပခဲ့သည်။

ထိုအခမ်းအနားကို BPLA နှင့် မဟာမိတ်ဆက်ဆံရေးရှိသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော် (AA) ၏ အမှတ် (၉၀၉) စစ်ဒေသ စခန်းမှူးဗိုလ်ကြီး ကျော်ဇံတို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

“မဟာမိတ်ကောင်းတွေ လမ်းပြကူညီမှု မရှိခဲ့ရင် BPLA ဆိုတာလည်း ပေါ်ပေါက် လာစရာ မရှိပါဘူး။ သူတို့ရဲ့ ကျေးဇူးကို သိတတ်ဖို့လိုပါတယ်” ဟု BPLA ခေါင်းဆောင် မောင်ဆောင်းခက ယနေ့ကျင်းပသည့် အခမ်းအနားတွင် ပြောသည်။

KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်တွင် အခြေစိုက်သော BPLA တပ်ကို တည်ထောင်ပြီး နှစ်နှစ်တာ ကာလအထိ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် မဟာမိတ်များ၏ အကူအညီဖြင့် ပြင်းထန်သည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် ၂၀၂၃ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးကြီးတွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မဟာမိတ်ဆက်ဆံရေးနှင့် တပ်တွင်း အမိန့်နာခံရေးကို လက်ကိုင်ထားသော BPLA တပ်ဖွဲ့အတွင်း အမျိုးသမီး ၁၀ ရာခိုင်နှုန်း တာဝန်ထမ်းဆောင်နေပြီး ခေါင်းဆောင်မှုပိုင်းတွင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း BPLA ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အမျိုးသမီး ခေါင်းဆောင်မှုအပိုင်းမှာတော့ ၄၀ ရာခိုင်နှုန်းနဲ့အထက် ရှိပါတယ်။ တပ်ရဲ့နေရာအသီးသီးမှာ အမျိုးသမီးရဲဘော်တွေ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး အခုဆိုရင် ရှေ့တန်းစစ်မြေပြင်မှာ ဒရုန်းတပ်ဖွဲ့အနေနဲ့ အမျိုးသမီးတွေ ပါဝင်နေပြီဖြစ်ပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက မဇ္ဈိမကို ပြောသည်။

တပ်ဖွဲ့စည်းပြီး သုံးနှစ်တာကာလအတွင်း ရှေ့တန်းစစ်မြေပြင် တိုက်ပွဲများတွင် BPLA တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း BPLA ထံမှ သိရသည်။

BPLA တပ်ဖွဲ့ဝင်များကို ဖာပွန်၊ ဆီဆိုင်နှင့် ရှမ်းမြောက်ဒေသများတွင် ဖြန့်ကျက်ထားပြီး နှစ်ပတ်လည် အခမ်းအနားကို တပ်ဖွဲ့ဝင်အားလုံး မတက်ရောက်နိုင်သော်လည်း BPLA တပ်မှူးများ၊ အပတ်စဥ် (၆) သင်တန်းဆင်း တပ်ဖွဲ့ဝင်များ၊ အပတ်စဥ် (၇) သင်တန်းသားများတက်ရောက်ခဲ့သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကို စစ်အာဏာရှင်စနစ်ကို လက်မခံသော လူငယ် ၁၇ ဦးဖြင့် အာဏာသိမ်းပြီးလပိုင်းအကြာ ဧပြီ ၁၇ ရက်နေ့တွင် KNU တပ်မဟာ (၅) နယ်မြေ၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်