ရွှေကုက္ကိုလ်အနီး တိုက်ပွဲများ အရှိန်လျော့စဲ

ပုံဟောင်း−ကရင်ပြည်နယ် ဘက်သို့ လာသည့် စစ်ကောင်စီ စစ်ကြောင်း / ဓါတ်ပုံ − CJ

ပုံဟောင်း−ကရင်ပြည်နယ် ဘက်သို့ လာသည့် စစ်ကောင်စီ စစ်ကြောင်း / ဓါတ်ပုံ − CJ

UCA News

မြန်မာအာဏာသိမ်းစစ်အုပ်စုကို သစ္စာခံသည့် တပ်ဖွဲ့ဝင် ၅၀၀ ခန့် လူစုကွဲပျံ့သွားပြီး အချို့လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မဟာမိတ်ပေါင်းစည်းထားသည့် တပ်ဖွဲ့များထံ လက်နက်ချလိုက်ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ရာဇဝတ်ဗဟိုချက် ရွှေကုက္ကိုလ်မြို့အနီး ပြင်းထန်တိုက်ပွဲများက ဧပြီ ၁၂ ရက်တွင် လျော့စဲသွားသည်။

မြန်မာအာဏာသိမ်းစစ်တပ်၏ ထိန်းချုပ်မှုနှင့် နယ်မြေ အများအပြား လက်လွှတ်ဆုံးရှုံးရမှုကြောင့် လူကုန်ကူးမှု သားကောင်ဖြစ်သူ အများအပြား ပြန်လည်လွတ်မြောက်မှုကို ဖြစ်စေသည်။ လူကုန်ကူးသမားများ၏ သားကောင်ဖြစ်ကြရသူများသည် အလိမ်အညာ အလုပ်အကိုင်များကို လုပ်ကိုင်ရန် ဖြားယောင်းစည်းရုံးခံခဲ့ရပြီး တိုက်ပွဲများအတွင်း ပိတ်မိကာ ၎င်းတို့သည် ထိုင်းနယ်စပ်အနီး ကာစီနိုရုံများမှ အွန်လိုင်းငွေလိမ်လုပ်ငန်းများ အတင်းအကျပ် လုပ်ကိုင်ရန် ခိုင်းစေခြင်းခံခဲ့ကြရသူများဖြစ်သည်။

သီရိလင်္ကာနိုင်ငံသား ရှစ်ဦးနှင့် လာအိုနိုင်ငံသားနှစ်ဦးကို မြန်မာနိုင်ငံမှ ကယ်ထုတ်ပေးခဲ့နိုင်သော်လည်း နောက်ထပ် သီရိလင်္ကာနိုင်ငံသား ၄၈ ဦးနှင့် လာအိုနိုင်ငံသား ၁၄ ဦးတို့ မြန်မာတွင် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်းနှင့် ၎င်းတို့ ပြန်လွတ်လာရေးအတွက် အာဏာပိုင်များက သက်ဆိုင်ရာ သံရုံးများ၏ ထောက်ကူပံ့ပိုးမှုနှင့်အတူ ညှိနှိုင်းလျက် ရှိကြောင်း သတင်းများက ဖော်ပြသည်။

ထိုင်းနယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့သည် ငြိမ်သက်လျက်ရှိပြီး KNU ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း၊ တိုက်ခိုက်မှုများက သောင်ရင်းမြစ်ရှိ ရွှေကုက္ကိုလ်အနီး မြောက်ဘက် ၂၀ ကီလိုမီတာတွင် လျော့စဲသွားကြောင်းနှင့် ယင်းတွင် စစ်တပ်က စစ်ကူစစ်ကြောင်းတခု စေလွှတ်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ သတင်းရင်းမြစ်တဦးက ပြောသည်။

“ရွှေကုက္ကိုလ်အနီးတဝိုက်မှာ ထိတွေ့ပစ်ခတ်မှုတချို့ကတော့ ရှိနေဆဲပါ။ ဒါပေမယ့် အဆင့်လယ်ဗယ်အားဖြင့်တော့ နိမ့်ပါတယ်။ သီတင်းတပတ်ကြာ ပြင်းထန်တိုက်ပွဲ ရှိခဲ့ပေမယ့် ခုချိန်မှာတော့ တော်တော်လေး ငြိမ်သက်နေပါတယ်။ စစ်တပ်ဘက်က လေကြောင်းဗုံးကြဲမှုတွေ မရှိသလို ထိုင်းနိုင်ငံ မဲဆောက်နဲ့ မြန်မာနိုင်ငံ မြဝတီကို ချိတ်ဆက်တဲ့ နယ်စပ်တံတားတွေကိုလည်း ဖွင့်ထားပါတယ်” ဟု သူမ က ပြောသည်။

လက်နက်ကြီးများအပြင် တစီးလျင် စစ်သား ၂၀ ခန့်စီ ပါသည့် ထရပ်ကား ၂၂ စီး အပါအဝင် သံချပ်ကာယာဉ် ၁၀ စီးပါ စစ်ကြောင်းတခုက လူစုကွဲပျံ့သွားပြီး ထားဝယ်ခရိုင် တောင်ဘက်ပိုင်းမှ စစ်ကောင်စီစစ်သား အများအပြား KNU ထံ လက်နက်ချသည့် သတင်းများရှိနေကြောင်း သတင်းတပုဒ်တွင် ဖော်ပြသည်။

KNU သည် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ရေးအဖွဲ့ဖြစ်သည့် PDF နှင့်အတူ လက်တွဲတိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ၂၀ ခန့်အနက်မှ တဖွဲ့ဖြစ်သည်။

အနောက်ပိုင်း ရခိုင်ပြည်နယ်မှလည်း တိုက်ပွဲသတင်းများ ကြားသိရပြီး ယင်းတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရိုဟင်ဂျာ ၂၅ ဦးထက်မနည်း သေဆုံးကာ ထောင်ချီ နေအိမ်များကို စွန့်ခွာထွက်ပြေးရကြောင်း သိရသည်။

တချိန်တည်းမှာပင် မြောက်အိုင်ယာလန် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ၊ နိုဘယ်လ်ဆုရှင် မိုင်ရိဒ် ကော်ရီဂန် မက်ဂွိုင်းယားက ယူကေတွင် ရောက်ရှိနေထိုင်သော မြန်မာလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ ဂျီနိုဆိုက် ပညာရှင် မောင်ဇာနည်ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုသည်။

ယင်း အဆိုပြုမှုကို Forces of Renewal Southeast Asia နှင့် Free Rohingya Coalition အဖွဲ့များက ယခုသီတင်းပတ် မြန်မာ့ရိုးရာနှစ်သစ်ကာလတွင် အများကို ထုတ်ဖော်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများ သတ်ဖြတ်ခံရမှုကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အလျင်အမြန်တံဆိပ်ခတ်ခဲ့သည့် လုပ်ဆောင်မှု အပါအဝင် ဆယ်စုနှစ်သုံးစုကြာ လူသားအစုအဖွဲ့များအကြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် မောင်ဇာနည်၏ အကျိုးသက်ရောက်မှုရှိပြီး မမောမပန်း တက်ကြွလှုပ်ရှားမှုအပေါ်တွင် ယခုအဆိုပြုခြင်းက အခြေခံကြောင်း ၎င်းတို့က ပြောသည်။