မြဝတီသို့ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ခြေတွင် ရပ်တန့်နေဟု KNU ပြော

ပုံအညွှန်း- KNLA ပူးပေါင်းတပ်များတိုက်ခိုက်ဖျက်ဆီးခဲ့သည့် စစ်ကောင်စီယာဉ်များ (ဓါတ်ပုံ- KNU)

ပုံအညွှန်း- KNLA ပူးပေါင်းတပ်များတိုက်ခိုက်ဖျက်ဆီးခဲ့သည့် စစ်ကောင်စီယာဉ်များ (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်သို့တက်လာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း အား KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ရှေ့ဆက်မတိုးနိုင် ဘဲ ဒေါနတောင်ခြေတွင်ရပ်တန့်နေကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

မြဝတီမြို့ကိုပြန်လည်ရယူရန် စစ်ဆင်ရေးတရပ်အဖြစ်လှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းသည် ခလရ (၂၇၅) သိမ်းပိုက်ခံရပြီးနောက် မြဝတီမြို့နယ်ဘက်သို့ ဦးတည်ချီတက်လာခြင်းဖြစ်သည်။

ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ၎င်းတို့ လာရာလမ်းတလျှောက် KNLA ပူးပေါင်းတပ်များက အဆက်မပြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးယာဉ်အချို့ပျက်စီး၍ စစ်ကောင်စီတပ် သား ရာနှင့်ချီ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် မြဝတီဘက်သို့ဦးတည်ထိုးစစ်ဆင်လာသည်မှာ တပတ်ခန့်ရှိပြီဖြစ်ပြီး လက် ရှိတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ဒေါနတောင်တန်း၏ အနောက်ဘက်တောင်ခြေတွင် ရပ်တန့်နေရကြောင်း KNU ထံက သိရသည်။

မြဝတီမြို့၌ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ခလရ (၂၇၅) ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တို့က ဧပြီလ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။

အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားများသည် ၎င်းတို့ လာရာလမ်းတလျှောက်တွင် စစ်ရေး ပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာများကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုအပြင် လေကြောင်းမှ တိုက်ခိုက်မှုများပါပြုလုပ်ခဲ့သဖြင့် အရပ်သား ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိနေပြီး နေအိမ်၊ ပစ္စည်းဥစ္စာ များလည်း ပျက်စီးဆုံးရှုံးနေရကြောင်း KNU ထံက သိရသည်။

ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်၏ မြေပြင်အခြေအနေ၊ ကော့ကရိတ်၊ သင်္ဃန်းညီနောင်၊ မြဝတီမြို့ တို့၏ အခြေအနေများနှင့်ပတ်သက်၍ မဇ္ဈိမက KNU တပ်မဟာ(၆)ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန် ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဧပြီလ ၁၇ ရက် ယမန်နေ့က မြဝတီမြို့အပြင်ဘက် ခလရ (၂၇၅) အနီးတဝိုက်နှင့် ကော့ကရိတ်မြောက် ပိုင်း ထီးဖိုးစံရွာတဝိုက်ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း သင်္ဃန်းညီနောင်၊ ကော့ကရိတ်တို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

စာတည်း။ ။စောဖေ