ထိုင်းထီ အမြင့်ဆုံးဆု ဘတ် ၆ သန်းကို မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံ ဆွတ်ခူး

ပုံအညွှန်း- ထီဆုကြီးပေါက်သွားသော မိသားစုနှင့် အေအေစီကိုရဲမင်း MHAC မဟာမိတ်အဖွဲ့တို့ကို တွေ့ရစဉ် (Photo- ကိုရဲမင်း FB)

ပုံအညွှန်း- ထီဆုကြီးပေါက်သွားသော မိသားစုနှင့် အေအေစီကိုရဲမင်း MHAC မဟာမိတ်အဖွဲ့တို့ကို တွေ့ရစဉ် (Photo- ကိုရဲမင်း FB)

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီမြို့တွင် ရွှေ့ပြောင်းအလုပ်လုပ် ကိုင်နေသော ဇနီးမောင်နှံနှစ်ဦးသည် ဧပြီ ၁၆ ရက်နေ့က ထွက်ရှိသည့် ထိုင်းထီအမြင့်ဆုံးဆု ဘတ်ခြောက်သန်းဆုကို ဆွတ်ခူးရရှိသွားသည်။

ကံထူးရှင် ဇနှီးမောင်နှံ နှစ်ဦးက ဆုငွေထုတ်ယူရန်အတွက် ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသည့် (M.H.A.C)မဟာမိတ်အဖွဲ့ အေအေစီကိုရဲမင်းထံ အကူအညီတောင်းခံခဲ့ခြင်းကြောင့် (M.H.A.C) ရုံးအဖွဲ့၏ အကူအညီဖြင့် ဧပြီလ ၁၇ ရက်နေ့တွင် ထီဆုငွေများကို ထုတ်ယူပေးနိုင်ခဲ့ကြောင်း အေအေစီကိုရဲမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

မူကထဆိုင်တွင် ပိုက်ဆံရှင်းပြီးနောက် ပိုကျန်သည့် ထိုင်းဘတ်ငွေ ၁၀၀ ကို ထိုင်းထီတစောင် ကံစမ်းလိုက်ရာမှ ယခုလို ထိုင်းအစိုးရ၏ အမြင့်ဆုံးထီဆုဖြစ်သော ဘတ်ခြောက်သန်း ကံထူးရှင်ဖြစ်လာခြင်းဟု အေအေစီကိုရဲမင်းက ရေးသားထားသည်။

ဆူရတ်ဌာနီမြို့ရှိ ရေခဲစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အသက် ၂၀ ကျော် အရွယ် ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးတွင် နှစ်နှစ်ကျော်အရွယ် သားတဦးရှိပြီး ထားဝယ်ဇာတိဖြစ်ကြောင်း သိရသည်။

“ထိုင်းအစိုးရထီ ပေါက်တာ မိသားစု သုံးဦးပါ၊ ကျွန်တော်တို့ (M.H.A.C) ရုံးအဖွဲ့က အကူညီတောင်းခံမှုနဲ့ ထုတ်ပေးခဲ့တယ်” ဟု (M.H.A.C) ရုံးအဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် မတ်လ ၁၆ ရက်နေ့က ထွက်ရှိသည့် ထိုင်းထီအမြင့်ဆုံးဆု ဘတ်ခြောက်သန်းဆုကိုလည်း ထိုင်းနိုင်ငံ၊ ပရကျွှတ်ခီရီခန်ခရိုင်တွင် အလုပ်လုပ်ကိုင်နေတမြန်မာရွှေ့ပြောင်းအလုပ်သမားတဦး ဆွတ်ခူးရရှိခဲ့သည်။

စာတည်း။ ။ နောင်နောင်