မြောင်းမြအကျဥ်းထောင်တွင် ထောင်ဖောက်ပြေးရန် ကြိုးစားသူ ၃ ဦး ဖမ်းဆီးခံရ

မင်းထက်

(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်တွင် ဧပြီလ ၁၈ ရက် ညနေပိုင်းအချိန်က ထောက်ဖောက်ပြေးရန် ကြိုးစားသည့် အကျဥ်းသား သုံးဦး ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း အကျဥ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။

“တယောက်က အုတ်တံတိုင်းပေါ်ကိုရောက်နေပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ အုတ်တံတိုင်းပေါ်ကို တက်ဖို့လုပ်နေတဲ့အချိန် ဝန်ထမ်းတွေတွေ့သွားလို့ သုံးယောက်လုံး အဖမ်းခံလိုက်ရတာပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတဦးက မဇ္ဈိမသို့ပြောသည်။

ယမန်နေ့ ညနေ ၅ နာရီခန့်က မြောင်းမြအကျဥ်းထောင် တန်းပိတ်ချိန်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အကျဥ်းသား သုံးဦးသည် တန်းမဝင်ဘဲ ထောင်အုတ်တံတိုင်းကိုကျော်၍ ထွက်ပြေးရန် ကြိုးစားကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ပြောသည်။

ထွက်ပြေးရန် ကြံစည်ခဲ့သူများမှာ မှုယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်အပြစ်ပေးခံရသူ နှစ်ဦးနှင့် အခြားအမှုဖြင့် ထောင်ဒဏ်အပြစ်ပေးခံရသူ တဦးတို့ဖြစ်ပြီး ၎င်းတို့ သုံးဦးသည် မြောင်းမြအကျဥ်းထောင်သို့ ရောက်ရှိလာသည်မှာ ရက်ပိုင်းပင်ရှိသေးသည်ဟုလည်းဆိုသည်။

လွတ်ငြိမ်းတွင်မပါ၍ ထောက်ဖောက်ပြေးရန် ကြံစည်သည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သတင်းလွှင့်ထားကြောင်း မြောင်းမြမြို့ပေါ်ရှိ နိုင်ကျဥ်းမိသားစုဝင်များက မဇ္ဈိမသို့ပြောသည်။

အဆိုပါ အကျဥ်းသားသုံးဦး ပြန်လည်ဖမ်းဆီးခံရပြီးနောက် မြောင်းမြအကျဥ်းထောင်သို့ စစ်ကောင်စီ၏ ဧရာဝတီတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်သွားသည်ဟုလည်း သိရသည်။

လက်ရှိတွင် အဆိုပါ အကျဥ်းသား သုံးဦးအားစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့အကျဉ်းထောင်တွင် မတ်လ ၃၁ ရက်ညနေပိုင်းက အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများအကြား ဖြစ်ပွားသည့် ပဋိပက္ခကို စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းရာ အကျဉ်းသား ၁၇ ဦးဒဏ်ရာရရှိသည့် ဖြစ်စဉ်ဖြစ်ပွါးခဲ့သေးသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်အတွင်း ယမန်နေ့ဧပြီ ၁၈ရက် ညနေပိုင်းအချိန်က ဆူပူမှုဖြစ်ပွားရာ ထောင်အာဏာပိုင်များက ပစ်ခတ်နှိမ်နင်းမှုများရှိသည့်အတွက် သေဆုံးဒဏ်ရာရမှုဖြစ်ခဲ့သည်ဟုလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ