ကျုံဒိုးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေရ

တိမ်းရှောင်နေကြသည့် ကျုံဒိုးဒေသခံများ (ဓါတ်ပုံ- လူမှုကွန်ရက်)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့တွင် ယနေ့ (ဧပြီလ ၁၉ ရက်) နံနက်အစောပိုင်းမှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။

ကျုံဒိုးမြို့၊ ချောင်းဖျားရွာအနီးတဝိုက်တွင် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ လက်နက်ကြီးနှင့် သေနတ် ပစ်ခတ်သံများ ဆက်တိုက်ကြားရပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်နေကြောင်း ဒေသခံတဦးက ပြောသည်။

“မီးပုံပွဲလုပ်တဲ့နေရာနဲ့ ချောင်းဖျားမှာ ဖြစ်တာ။ မြို့ခံတွေပြေးကုန်ပြီ။ လက်နက်ကြီးသံ များတယ်။ လေကြောင်းကနေ ပစ်တာတွေလည်း ရှိတယ်ဗျ။ အခုတော့ ခဏတိတ်နေပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ပစ်ခတ်သံများ တိတ်ဆိတ်နေသော်လည်း ချောင်းဖျားဒေသမှ ကျေးရွာခံများအပြင် ချောင်းဖျားရွာနှင့် နှစ်မိုင်ကျော်သာ ကွာဝေးသည့် ကျုံဒိုးမြို့ပေါ်မှ မြို့ခံများပါ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း ကျုံဒိုးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၅)နှင့် (၅၄၆) တို့မှလည်းလက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“ချောင်းဖျား၊ မြပတိုင်၊ကျုံဒိုး မြို့ပေါ်က လူတွေပါ ပြေးကုန်တာ။ ခြံထဲ ပြေးကြတာရှိတယ်၊ တောင်ယာတွေဘက် ပြေးတဲ့သူလဲ ရှိတာပေါ့။လေယာဉ်ကလည်း တောက်လျှောက်လာနေတာ” ဟု ဒေသခံတဦးက ပြောသည်။

ချောင်းဖျားရွာသည် ကျုံဒိုးမြို့၊ နဘူး၊ ကော့ကရိတ် စသည့် ဒေသများကို အလွယ်တကူ သွားလာနိုင်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည်။

မြဝတီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်ရေးအနေဖြင့် တက်လာသည့် “အောင်ဇေယျစစ်ကြောင်း” သည်လည်း ကျုံဒိုးချောင်းဖျား လမ်းမှတဆင့် ကော့ကရိတ်မြို့သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

အလားတူ ယနေ့ (ဧပြီလ ၁၉ ရက်)တွင် ကော့ကရိတ်မြို့နယ်၊ မြို့တွင်းနှင့် ချောင်းတောင်၊ ကော့နွဲ့ စသည့် ဒေသများ၌ စစ်ကောင်စီတပ်ဖွဲ့(အောင်ဇေယျစစ်ကြောင်း)နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေကြောင်း ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ရဲဘော်ကျော်ဟိန်းထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ