ကျင်ဒွေးမြို့ သိမ်းပိုက်နိုင်သည်အထိ တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်ထုတ်ပြန်

ပုံအညွှန်း - ကန်ပက်မြို့အနီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ရဲဘော်များ မြင်တွေ့ရစဥ်(ဓါတ်ပုံ - CDF - Kanpetlet)

ပုံအညွှန်း – ကန်ပက်လက်မြို့အနီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ရဲဘော်များ မြင်တွေ့ရစဥ်(ဓါတ်ပုံ – CDF – Kanpetlet)

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်သည်အထိ အရှိန် မြှင့်ကာ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ ဧပြီလ ၂၃ ရက် ယမန်နေ့က ထုတ်ပြန်သည်။

“ချင်းညီနောင်” စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီတပ်က မည်သို့ပင် အင်အားဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာစေမူ လုံးဝ နောက်ဆုတ်မည် မဟုတ်ဘဲ မဟာမိတ်များဖြင့်ပူးပေါင်းကာ စစ်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

“ကျနော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ ကျနော်တို့နယ်မြေကနေ အကြမ်းဖက်စစ်ကောင်စီ ကို မောင်းထုတ်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ရဲ့နယ်မြေကို အကြမ်းဖက်စစ်ကောင်စီကင်းစင်ပြီး လွတ် မြောက်တဲ့အထိ ရည်ရွယ်တိုက်ခိုက်တာပါ။ ကျင်ဒွေးဟာ အဲဒီရည်ရွယ်ချက်ရဲ့တစိတ်တပိုင်းဖြစ်ပါတယ်” ဟု ချင်းညီနောင်အဖွဲ့တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

ကျင်းဒွေးမြို့သည် မကွေးတိုင်းနှင့်ချင်းပြည်နယ်အစပ်ဖြစ်၍ စစ်ရေးမဟာဗျူဟာအရ အရေးပေါသော နေရာတခုဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် မြို့သိမ်းခံရခြင်းသည် ဂုဏ်သိက္ခာနှင့်သက်ဆိုင်ပြီး ၎င်းမြို့မှတဆင့် မြို့နယ် အဆင့်ထိ လက်လွှတ်ရနိုင်မည့်အနေအထားများရှိနိုင်သောကြောင့် ယခုကဲ့သို့ ခုခံတိုက်ခိုက်နေခြင်းဖြစ် နိုင်ကြောင်း ချင်းညီနောင်အဖွဲ့မှတာဝန်ရှိသူက ဆက်ပြောသည်။

၎င်းအပြင် မကွေးတိုင်းအတွင်း၌ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များတည်ရှိသဖြင့် စစ်ကောင်စီ အတွက် ကျင်ဒွေးမြို့လက်မလွှတ်ရေးသည် အရေးပါနိုင်ကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျင်ဒွေးမြို့စစ်ကောင်စီစခန်းကို CDF နှင့် PDF ပူးပေါင်းပြီး စတင်တိုက်ခိုက်ခဲ့ရာ စခန်းရလုနီးအချိန်တွင် စစ်ကောင်စီတပ်လေကြောင်းမှ တိုက်ခိုက်မှုနှင့်အတူ စစ်ကူ များဖြည့်တင်းခဲ့သဖြင့် ကာကွယ်ရေးတပ်များနောက်ဆုတ်ခဲ့ရသည် ဟုဆိုသည်။

၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှစတင်ကာ ချင်းညီနောင်များက စစ်ဆင်ရေးစတင်ခဲ့ပြီး မြို့ကိုပတ်လည် ပိတ်ဆို့တိုက်ခိုက်နေခဲ့ရာ လက်ရှိ ဧပြီလအထိတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများတွင် နှစ်ဖက်တပ်များထိခိုက်မှုရှိပြီး အသေးစိတ်အခြေအနေများကို လတ်တလော ပြောရန်အခက်အခဲရှိပြီး အသေးစိတ်စိစစ်ပြီးမှ အသိပေးသွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ တာဝန် ရှိသူကပြောသည်။

ကျင်းဒွေးမြို့သိမ်းတိုက်ပွဲတွင် အစစအရာရာအကူအညီပေးသော အရက္ခတပ်တော်ကိုလည်း ကျေးဇူးတင် ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ချင်းအမျိုးသား ကောင်စီ(မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေအုပ်ချုပ် ရေးကောင်စီ (MTC) ၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ (ကန်ပက်လက်) (CDF – Kanpetlet) ၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) (CDF – Matupi တပ်မဟာ(၁)တို့ ပါဝင်ကြောင်းသိရသည်။

စာတည်း။ ။စောဖေ