တရုတ် ၏ အရေးယူဆောင်ရွက်မှုကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ် သို့ ရွှေ့ပြောင်း

USIP

တရုတ်အစိုးရ၏ ငွေလိမ်ဂိုဏ်းများ ဖြိုခွင်းမှုသည် ၎င်းတို့အား ကရင်ပြည်နယ်သို့ ပြောင်းရွှေ့ရန် တွန်းပို့နေပြီး ယင်းအဖွဲ့များကို စစ်အစိုးရက ထိန်းချုပ်ထားသည်။

အရှေ့တောင်အာရှတွင် မြန်မာသည် တရုတ်နိုင်ငံသား ရာဇဝတ်ဂိုဏ်းများ လှုပ်ရှားမှု အတွက် အဓိက ခိုအောင်းရာနေရာ ဖြစ်နေခဲ့သည်မှာ နှစ်အတော် ကြာပြီဖြစ်သော်လည်း ၎င်း တို့၏ အကာအကွယ် အရင်းအမြစ်များကို နှိမ်နှင်း လိုက်ပါက ပြည်တွင်းရှိ အခြားနေရာများ သို့မဟုတ် နယ်စပ်ဖြတ်ကျော် ‌ရွှေ့ပြောင်းအခြေချရန် အသင့် ရှိနေသည်။ ရာဇဝတ်ဂိုဏ်းများသည် မကြာသေးမီ လာများအတွင်း လုံခြုံ‌ရေး ခြိမ်းခြောက်မှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။ အကျင့်ပျက်ခြစားနေသော အာဏာသိမ်း မြန်မာစစ်အစိုးရ အနေဖြင့် ယခုတကြိမ်တွင် နိုင်ငံတဝန်း ရှေ့တန်းစစ်မျက်နှာ ပေါင်းစုံမှ အာဏာရှင်ဆန့်ကျင်ရေး တော်လှန်မှုများ မြင့်တက်လာခြင်းနှင့် အတူ တရုတ်အာဏာပိုင်များ ၏ တရားဥပဒေ စိုးမိုးရေး ဖိအားပေးမှုများ ပြင်းထန်လာခြင်းသည် ရာဇဝတ်ဂိုင်းများကို နှိမ်နှင်းရန် ဖိအား ဖြစ်လာသည်။

ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်တလျှောက် တွင် ကြီးစိုးနေသော ငွေလိမ်ဂိုဏ်းများသည် တရုတ် အစိုးရ၏ အရေးယူမှု ဖိအားကြောင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့ရန် ဖြစ်လာကြသည်။ မြန်မာစစ်တပ်မှ အမြတ်အစွန်းရနေသော ငွေလိမ်ဂိုဏ်းများ နှင့် ရာဇဝတ်မှု ကြီးများ ကျူးလွန်နေသော အဖွဲ့အစည်းများမှ လူပေါင်း ၄၅,၀၀၀ နီးပါးကို နေရပ်သို့ပြန်ပို့၍ တရုတ်အာဏာပိုင်များလက် အပ်ခဲ့ရသည်။ တရုတ်အာဏာပိုင်များသည် အဆိုပါ ရာဇဝတ်မှုများနှင့် ငွေလိမ်ဂိုဏ်းများကို ဦးဆောင်နေသော အကြီးတန်း အရာရှိများကို ဖမ်းဆီးရန် တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းလုပ်ငန်းများမှ အကျိုးအမြတ်ရနေသော စစ်အစိုးရကို အရှက်ရစေခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း ရှိ ငွေလိမ်ဂိုဏ်း အဖွဲ့အချို့သည် လာအိုနှင့် ကမ္ဘောဒီးယားသို့ ပြောင်းရွှေ့ခဲ့ပြီး အချို့မှာ မြန်မာနိုင်ငံတွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တဝိုက်နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (မိုင်းလား) တို့ ထိန်းချုပ်ထားသော နယ်မြေများတွင် ရာဇ၀တ်မှု အချို့ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။ သို့သော် အများစုသည် ထိုင်းနယ်စပ် ကရင်ပြည်နယ်ရှိ ရာဇ၀တ်နယ်မြေများသို့ ပြောင်းရွှေ့သွားပြီး ကရင်ပြည်သူ့စစ်တပ်ဖွဲ့များက ၎င်းတို့၏ လုံခြုံရေးကို တာဝန်ယူထားသည်။

ကရင်ပြည်နယ်တွင်းရှိ တရားမဝင် စီးပွားရေးလုပ်ငန်းများအတွက် တာဝန်ရှိကြောင်း လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက မှတ်ယူထားပြီး ယင်းကြောင့် ထိုင်းနယ်စပ်တွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာစေသည်။ တရုတ်နှင့် ထိုင်းဥပဒေ စိုးမိုးရေး နှစ်ဖက် အနေဖြင့် အဆိုပါ လုပ်ရှားမှုများကို လိုလားခြင်း မရှိသော်လည်း ဖြေရှင်းနိုင်ခြင်း မရှိပုံပေါ်ပြီး ၎င်းတို့ကို ကာကွယ်ပေးနေသော ကရင် လက်နက်ကိုင် အဖွဲ့များကလည်း ဥပဒေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေဆဲ ဖြစ်သည်။

အဆိုပါ ရာဇ၀တ်ဂိုဏ်းများသည် အကျိုးအမြတ်များသော အမေရိကန်နိုင်ငံသားများကို သားကောင်အဖြစ် ချိတ်ဆက်မှု များလာပြီး မြန်မာအိမ်နီးချင်းနိုင်ငံများအား ကရင်နယ်မြေကို ကိုင်တွယ်ဖြေရှင်းရန် နှင့် ၎င်းတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန် ရာဇဝတ်မှုကွန်ရက်များ ချိတ်ဆက်ထားသည့် နိုင်ငံတကာ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်သော နိုင်ငံပေါင်းစုံပါဝင်သည့် လုပ်ငန်းအဖွဲ့တဖွဲ့ ဖွဲ့စည်းရန် အမေရိကန် က တွန်းအားပေးရမည့်အချိန်ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်ရာဇဝတ်မှုကွန်ရက်များကို တရုတ်က နှိမ်နှင်း

၂၀၂၃ မေ မှ ၂၀၂၄ ဇန်နဝါရီ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်၊ မိုင်းလားနှင့် ဝ နယ်မြေများရှိ နယ်စပ်တလျှောက် ငွေလိမ်မှု စင်တာများကို တရုတ်က အရေးယူခဲ့ကြောင်း U.S Institute of Peace (USIP) က ဖော်ပြခဲ့သည်။ ပြည်တွင်း လက်နက်ကိုင်အဖွဲ့များနှင့် ငွေလိမ်ဂိုဏ်းများအား လက်ခံပေးနေသော မြန်မာစစ်တပ်၏ နယ်ခြားစောင့်တပ် (BGF) စခန်းများ အား ငွေလိမ်ဂိုဏ်းများ ပိတ်သိမ်းရန် တရုတ် အစိုးရက တောင်းဆိုခဲ့ပြီး မတရား ဖမ်းဆီးစေခိုင်းခံရသော တရုတ် လူမျိုးများကို ပြန်လွှတ်ပေးရန် ဖိအားပေးခဲ့သည်။

အဆိုပါ စစ်ဆင်ရေးသည် မြန်မာ ပြည်တွင်း ပဋိပက္ခ လမ်းကြောင်းအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိခဲ့သည်။ ကိုးကန့် တပ် (MNDAA) သည် အခြား စစ်အာဏာသိမ်း ဆန့်ကျင်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ငွေလိမ်ဂိုဏ်းများ လည်ပတ်နေသော ကိုးကန့် ပြည်သူ့စစ်အဖွဲ့ (BGF) များ ကို တိုက်ထုတ်ခဲ့သည်။ တရုတ်သဘောတူညီချက်ဖြင့် စတင်ခဲ့သော အဆိုပါ စစ်ဆင်ရေးသည် MNDAA အတွက် အောင်မြင်မှု ရခဲ့ပြီး လအနည်းငယ်အတွင်း မြန်မာနယ်စပ်ရှိ စစ်စခန်းများကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့သည်။ ယနေ့တွင် အာဏာသိမ်းဆန့်ကျင်ရေး တပ်ဖွဲ့များသည် နိုင်ငံအစွန်အဖျားတဝိုက်ရှိ စစ်စခန်းရာပေါင်းများစွာကို သိမ်းပိုက်နိုင်ပြီး အနောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် အဓိကနယ်စပ်ဖြတ်ကျော်မှုများအားလုံးကို ထိန်းချုပ်၍ အ‌ရှေ့ နှင့် မြောက် ဘက်ရှိ တရုတ်၊ ထိုင်းနယ်စပ်တလျှောက် ထိ ထိန်းချုပ်ထားနိုင်သည်။

မကြာသေးမီက ဖမ်းဆီးခံထားရသော ကိုးကန့် BGF ခေါင်းဆောင်များကို စစ်ဆေးမေးမြန်းမှုမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ ရာဇဝတ်မှုခင်းများနှင့် ပတ်သက်သော စစ်အစိုးရ မှ အကြီးတန်းအရာရှိများကို တရုတ်က ဖြေရှင်းချက်တောင်းခံခဲ့သည်။ အဆိုပါ အရာရှိများကို ဖမ်းဆီးရန် တရုတ်အာဏာပိုင်များက စစ်အစိုးရကို ဖိအားပေးနေကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့အနီးတဝိုက်တွင် ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို ပြန်လည် လက်ခံရေးအတွက် တရုတ်အာဏာပိုင်များက မြန်မာစစ်အစိုးရ၊ ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော်လည်း ရှမ်းပြည်နယ်အတွင်း ဖြစ်ရပ်များအတွက် တိုက်ရိုက်အရေးယူမှု မရှိဘဲ ကရင်ပြည်နယ်တွင် လည်း ရာဇဝတ်လှုပ်ရှားမှုများတွင် ပါဝင်သော BGF နှင့် အခြားပြည်သူ့စစ် ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ခြင်း မရှိပေ။

ကရင်ပြည်နယ်တွင် ရှုပ်ထွေးသော ရာဇ၀တ်မှုပြဿနာကို ဖြိုခွဲခြင်း

တရုတ်နယ်စပ်ရှိ လိမ်လည်မှု စင်တာများ ပိတ်ပစ်ပြီးနောက် ကရင်ပြည်နယ်တွင် တရုတ်နိုင်ငံသားများ ဦးဆောင်သော မှုခင်းကွန်ရက်များ နှင့် ဒါဇင်နှင့်ချီသော လိမ်လည်မှုစင်တာများသည် ထိုင်းနယ်စပ်တလျှောက် သိသိသာသာ ကြီးထွားလာခဲ့သည်။ သို့သော် ကိုးကန့် ငွေလိမ်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးနှင့် စစ်အစိုးရအပေါ် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် BGF ခေါင်းဆောင် နှင့် ဒုတိယ အထွေထွေအတွင်း‌ရေးမှုး ‌စောချစ်သူ ဦးဆောင်သော ကရင် လက်နက်ကိုင် အဖွဲ့များ တွင် လုပ်ငန်းလည်ပတ်မှုများ ရှိလာပုံရသည်။ ၎င်း သည် BGF အဖွဲ့၏ အဓိက ခေါင်းဆောင် သုံးဦးအနက်မှ တဦးဖြစ်ပြီး တရုတ် ငွေလိမ်ဂိုဏ်းများစွာကို လက်ခံပေးရာတွင် တိုက်ရိုက်ပါဝင်ခဲ့သည်။

ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် စစ်ရေးအရ ကွပ်ကဲရန် စတင်ခဲ့သည့် ၂၀၁၀ တွင် မြန်မာစစ်တပ် လက်အောက်ခံ ကရင် နယ်ခြားစောင့် တပ်ဖွဲ့ (KNBGF) ဖြစ်လာခဲ့ပြီး ၂၀၂၄ နှစ်ဆန်းပိုင်း တွင် မြန်မာ စစ်တပ်နှင့် အဆက်အသွယ် ဖြတ်တောက် ခဲ့သည်ဟု ဆိုသည်။ KNBGF သည် နိုင်ငံ၏ပြည်တွင်းပဋိပက္ခတွင် ကြားနေ အဖြစ်ရပ်တည်ကြောင်း ကြေညာပြီး ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် အမည်ပြောင်းခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ မတ်လ နှောင်းပိုင်း၌ ထိုင်းမှ နယ်စပ်ဖြတ်ကျော်အကူအညီများ ပေးအပ်ရာတွင် စောချစ်သူ၏ BGF/KNA သည် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့် အထောက်အထားများအရ စစ်အစိုးရနှင့် ပါ၀င်ပတ်သက်မှုအချို့ရှိကြောင်း တွေ့ရသည်။

စစ်အစိုးရ၏ အင်အားချိနဲ့ချိန် ဧပြီလဆန်းပိုင်း တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) မှ မြဝတီမြို့နယ် လွတ်မြောက်ရေး အတွက် စစ်တပ်စခန်းများကို တိုက်ခိုက်ရန် အခွင့်အလမ်းရခဲ့သည်။ ဧပြီလလယ်တွင် KNLA သည် မြဝတီမြို့ရှိ စစ်ကောင်စီ၏ အဓိက အခြေစိုက် စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နယ်စပ် စီမံခန့်ခွဲမှု စတင်မည့် အစီအစဉ် ကို ဧပြီလ ၁၄ ရက်တွင် ကြေညာခဲ့သည်။

KNA သည် ယင်း ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသော်လည်း BGF သဘောတူညီချက်အရ အရေးကြီးသော စစ်ရေး ထောက်ပံ့ပို့ဆောင်မှုနှင့် နည်းဗျူဟာပိုင်း ပံ့ပိုးမှုပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် စစ်အစိုးရအနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် တန်ပြန်ထိုးစစ်များတွင် အားနည်းခဲ့သည်။ KNA သည် IDP များအား နေရာချထားပေးရာတွင် KNLA အား အတိုင်းအတာတခုအထိ ကူညီဆောင်ရွက်ပေးခဲ့ပြီး KNLA မှဖမ်းဆီးရမိသော စစ်သုံ့ပန်း အချို့ကို နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့သော် စောချစ်သူ သည် ၎င်း၏ ရာဇ၀တ်မှုအင်ပါယာကို အားဖြည့်ပေး၍ လုံခြုံရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား စသည့် အဓိက ပံ့ပိုးကူညီမှုများကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

ကရင်ပြည်နယ်ရှိ လိမ်လည်မှုဂိုဏ်းများ ကွန်ရက်သည် တရုတ်နယ်စပ်တလျှောက်ရှိ ပဋိပက္ခများထက် ပိုမိုရှုပ်ထွေးသော အကျိုးစီးပွားများကို ဖော်ဆောင်နေသည်။ အဆိုပါ လိမ်လည်မှု လုပ်ငန်း များအားလုံးကို ဒေသခံတရုတ်စကားပြော လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကရင်ပြည်နယ်တွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများကြောင့် ဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရန် ပိုမိုခက်ခဲသည်။ တရုတ် ကွန်ရက်ချိတ်ဆက်သူများနှင့် ဒေသခံ များသည် ရာဇဝတ်မှုများကို ပိုမိုလွတ်လပ်စွာ ကျူးလွန်နေကြသည်။

ရာဇ၀တ်မှုများအတွက် နေရာနှင့် လုံခြုံရေးကို ပံ့ပိုးပေးရာတွင် ပါဝင်သည့် အဓိက ကရင် ခေါင်းဆောင် များမှာ –

KNA/BGF အဓိကပုဂ္ဂိုလ် သုံးဦးဖြစ်သည့် စောချစ်သူ၊ မုတ်သုန် နှင့် စောချစ်သူ၏ လက်အောက်ခံ ဗိုလ်မှူး တင်ဝင်းတို့က တရုတ် ရာဇဝတ် ဂိုဏ်းများကို ကူညီပံ့ပိုး၍ လျှပ်စစ်နှင့် အင်တာနက် ကို ထိုင်းနိုင်ငံမှ ရရှိရန် စီစဉ်ပေးသည်။ စောချစ်သူနှင့် တင်ဝင်းတို့က မြဝတီမြို့အနီးတွင် လိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုးကန့် BGF Fully Light Group မှ လည်ပတ်နေသော ရွှေကုက္ကို အပါအဝင် Jinxin၊ Hengsheng နှင့် Dongfanghui ကို အထောက်အပံ့ပေးပြီး အမြတ်အစွန်းများရယူနေကြသည်။ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော KK Park Project သည် အမေရိကန်လူမျိုးများကို ပစ်မှတ်ထားသည့် လိမ်လည်မှုလုပ်ငန်းများတွင် ကြီးကြီးမားမားပါဝင်နေသည်။ တင်ဝင်းသည် KNU ကာကွယ်ရေး ဌာနမှ စောရော်ဂျာခင် နှင့် အတူ Huanya Project တွင် လည်း ပါဝင်သည်။ အဆိုပါ အဖွဲ့အစည်းများသည် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နာမည်ဆိုးဖြင့် ကျော်ကြားကြသည်။

ဒု-ဗိုလ်မှူးကြီး မုတ်သုန်သည် BGF/KNA ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူး စောချစ်သူ နှင့် အတူ ကရင် နယ်ခြားစောင့် တပ်ဖွဲ့ တည်ထောင်သူ ဖြစ်သည်။ ၎င်း၏ သြဇာအာဏာ သည် အထူးသဖြင့် မြဝတီမြို့ တောင်ဘက်တွင် စောချစ်သူနှင့် တန်းတူနီးပါးဖြစ်သည်။ ၎င်း ထိန်းချုပ်မှုအောက် တွင် နိုင်ငံတကာ မှ အာရုံစိုက်မှုကို ရှောင်ရှားလိုသော တရုတ် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် ဝမ်ကောကွိုင် ၏ ဒုံမေလုပ်ငန်းစု(Dongmei Zone) ပါဝင်သည်။ မုတ်သုန် သည် KK Park Project တွင်လည်း ပါဝင်သည်ဟု ဆိုသည်။

· အဓိကကျူးလွန်သူဖြစ်သော စိုင်းကျော်လှသည် ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် (DKBA) ကို စောချစ်သူပြည်သူ့စစ်အဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ တွင် BGF သဘောတူညီချက်ကို လက်ခံရန် ငြင်းဆန်ခဲ့သော်လည်း နောက်ပိုင်းတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ စိုင်းကျော်လှသည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဖြစ်ပြီး ယခင်က မှုခင်းမှတ်တမ်း ရှိသည်။ ၎င်းသည် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ပြီးနောက် ၂၀၁၀ နှစ်လယ်ပိုင်းတွင် DKBA ခေါင်းဆောင်နှင့် ဗိုလ်မှူးချုပ်အဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၂၀ တွင် ၎င်းသည် သီဟာနုဗေးလ် မှ မဲဆောက်သို့ ပြောင်းရွှေ့ထားသော တရုတ်မာဖီးယားဂိုဏ်း TransAsia International Company နှင့် ပူးပေါင်း၍ ကာစီနို လုပ်ငန်းများ လည်ပတ်သည့် Taichang Zone ကို စတင်ခဲ့သည်။ ယင်းဇုန်သည် သောင်ရင်းမြစ်ကမ်းဘေး တွင် တည်ရှိပြီး ထိုင်းဘက်ခြမ်းရှိ Wat Chong Khaep အနီး တွင် ရှိ၍ ၂၀၂၃ အစောပိုင်းတွင် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး ၂၀၂၃ နှောင်းပိုင်း ကိုးကန့်စခန်းများ ပိတ်လိုက်ပြီးနောက် တရုတ်ရာဇ၀တ်ဂိုဏ်းများ အားထားရာ ဖြစ်လာခဲ့သည်။ ဒုတိယ DKBA ဇုန်သည် ဝေါလေး တောင်ဘက်တွင် တည်ရှိပြီး ရာဇ၀တ်ဂိုဏ်းများ နှင့် အနီးစပ်ဆုံးဖြစ်သည်။ DKBA သည် မြန်မာစစ်တပ်နှင့် KNU ကဲ့သို့သော စစ်အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့ဆက်ဆံရာတွင် ကြားနေ အဖြစ် ရပ်တည်ဆဲ ဖြစ်သည်။

KNU ကာကွယ်ရေးဌာန နှင့် KNLA တပ်မဟာ( ၇ )မှ အကြီးတန်းအရာရှိ စောရော်ဂျာခင်သည် နာမည်ဆိုးဖြင့်ကျော်ကြားသည့် လိမ်လည်မှု စင်တာ ဖြစ်သော Huanya စီမံကိန်းတွင် အဓိက ပါဝင်ပတ်သက်သူဖြစ်သည်။ ယင်း စီမံကိန်းတွင် BGF မှ တင်ဝင်းလည်း ပါဝင်သည်ဟု KNU သတင်းရင်းမြစ်များက ဖော်ပြသည်။ စောရော်ဂျာခင်သည် KK Park ပရောဂျက်တွင် ပါဝင်ပတ်သက်နေသည်ဟု ဆိုသော်လည်း ယင်းအထောက်အထားကို မထုတ်ပြန်သေးပေ။ စောရော်ဂျာခင် သည် DKBA နှင့် ပူးပေါင်းထားသည့် TransAsia International ကုမ္ပဏီကို ထိန်းချုပ်သည့် တရုတ်မာဖီးယားအဖွဲ့နှင့် အဓိက ပူးပေါင်းလုပ်ကိုင်သည်။ ယင်းဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးများအနက် KNU သည် အဆိုပါ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ ခံနိုင်ရည်အရှိဆုံးဖြစ်သည်။ ကာစီနိုများ၊ မူးယစ်ဆေးဝါးများ၊ အခြားတရားမဝင် လှုပ်ရှားမှုများကို လုံးဝ လက်မခံသော မူဝါဒကို ထိန်းသိမ်းထားသည်။

လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော အခြေအနေတွင် ထင်ရှားသော အဓိက အချက် ၃ ချက် မှာ-

တရုတ်နယ်စပ်တွင် ဒေသတွင်း အဖွဲ့များအပေါ် ၎င်း ၏ သြဇာလွှမ်းမိုးမှု ကြောင့် တရုတ်တရားဥပဒေစိုးမိုးရေး ပိုမို လုပ်ဆောင်နိုင်ခဲ့သော်လည်း ကရင်ပြည်နယ်တွင် မြန်မာစစ်တပ် ကျဆုံးမှုသည် လိမ်လည်မှု လုပ်ငန်းများအပေါ် သိသိသာသာထိခိုက်ခြင်း မရှိရခြင်းမှာ ပြင်ပသြဇာလွှမ်းမိုးမှုများ ပိုမို များလာသောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံးမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ သည် ကိုးကန့် BGF ပြိုကျပြီးနောက်တွင် လိုက်လျောညီထွေ ဖြစ်အောင် ရပ်တည်နေခဲ့ပြီး တရုတ် အစိုးရအနေဖြင့် ၎င်း နှင့် ထိစပ်သော နေရာများမှ လွဲ၍ အခြားနယ်စပ်များတွင် လိမ်လည်မှု လုပ်ငန်းများအပေါ် စစ်ဆင်ရေးများ ကိုင်တွယ်ဖြေရှင်းရန် သဘောထား ပျော့ပျောင်းနေပုံရပြီး အခြားအစိုးရများနှင့် ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်သည်။

ကရင်ပြည်နယ်ရှိ ရာဇဝတ်ဂိုဏ်းအများစုသည် ယခု KNA အဖြစ်အမည် ပြောင်းထားသော စောချစ်သူ၏ BGF ထိန်းချုပ်နယ်မြေများတွင် ရှိနေသည်။ ၎င်းတို့သည် KNU/KNLA မှ ရည်ရွယ်လုပ်ဆောင်နေသော ကရင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဒီမိုကရေစီ ရရှိရေးကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ ရာဇ၀တ်မှုများမှ အမြတ်အစွန်းရရှိရေးကိုသာ အာရုံစိုက်နေကြသည်။ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ရှိ၍ စစ်တပ်နှင့် တိုက်ရိုက် ပဋိပက္ခဖြစ်ပွားရန် ဆန္ဒမရှိပေ။ BGF/KNA မှ နှစ်စဉ်ရရှိသော ဒေါ်လာ ၁၉၂ သန်း၏ ၅၀ ရာခိုင်နှုန်းခန့် သည် မြန်မာစစ်တပ်ကို ချမ်းသာကြွယ်ဝစေသည်။

လူကုန်ကူးမှုနှင့် နေရပ်ပြန်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ပါဝင်သူဦးရေ များပြားလာသည်နှင့် အမျှ ပိုမိုရှုပ်ထွေးလာပြီး ကရင်ပြည်နယ် နှင့် ဒေသတွင်း တရုတ်ရာဇ၀တ်မှု ကွန်ရက်တခုလုံးနှင့် ချိတ်ဆက်မှု ကို ထိန်းချုပ်ရာတွင် အမေရိကန်နှင့် ဒေသဆိုင်ရာ အစိုးရများ အထူးသဖြင့် ထိုင်းနိုင်ငံတို့က ဦးဆောင်မှုပေး၍ အာကောင်းပြီး အချိန်နှင့်တပြေးညီ ဖြစ်သော တုံ့ပြန်မှုများ လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်သည်။

နိုင်ငံတကာ တုံ့ပြန်မှုပုံစံ

မြန်မာနိုင်ငံတွင် ကြီးစိုးနေသော လိမ်လည်မှုများနှင့် ရာဇ၀တ်မှုများ ကို ထိရောက်စွာ အရေးယူ‌ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်တွင်သာမက အရှေ့တောင်အာရှ နှင့် နိုင်ငံတကာတွင် ချိတ်ဆက်ထားသော ဒေသတွင်း လိမ်လည်မှုကွန်ရက်များကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံပေါင်းစုံ ပူးပေါင်း ကြိုးပမ်းမှု လိုအပ်မည်ဖြစ်သည်။

နိုင်ငံပေါင်းစုံ ကြိုးပမ်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များမှာ-

ကရင်ပြည်နယ်အတွင်း တရားမဝင်သော နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်း၊ တရားမျှတမှုကို ဖော်ဆောင်နိုင်သော နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး လုပ်ငန်းအဖွဲ့တခု ထူထောင်ခြင်း နှင့် လိမ်လည်မှု စင်တာများမှ အဓမ္မ ဖမ်းဆီးစေခိုင်းထားသော အလုပ်သမားများအား နေရပ်ပြန်ပို့ရေးကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်ခြင်း။

အထူးသဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ လာအို၊ ဒူဘိုင်း၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် မလေးရှား တို့မှ ရာဇဝတ်မှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များ၊ အခြားနိုင်ငံများနှင့် နယ်မြေများရှိ ရာဇ၀တ်မှုကွန်ရက်များအကြား ဆက်သွယ်မှုကို ဖြတ်တောက်ခြင်း။ သောင်ရင်းမြစ် ဧရိယာအတွင်း ထင်ရှားသော ရာဇ၀တ်မှုဇုန်များ၌ နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုများအား ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်စာရင်း ပြုစုရန် လိုအပ်မည်ဖြစ်သည်။

ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေးခြင်း၊ တားဆီးခြင်း၊ ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်း အပြစ်ပေးခြင်း တို့ကို ပိုမိုလုပ်ဆောင်နိုင်ရန် KNU ရဲများအား စွမ်းရည်မြှင့်တင်ခြင်း နှင့် ၎င်းတို့ကို KNU နှင့် DKBA တို့မှ ပံ့ပိုးကူညီခြင်းနှင့် ပူးပေါင်းပါဝင်ခြင်း။ လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံသည် နယ်စပ်ကုန်သွယ်မှုကို ပြန်လည်စတင်ရန် ကြိုးပမ်းနေသောကြောင့် အလွန်အရေးပါသော သြဇာလွှမ်းမိုးမှုရှိသည်။ အလားအလာရှိသော ရွေးချယ်စရာတခုမှာ လိမ်လည်မှုများနှင့် ရာဇဝတ်မှုများကို ချေမှုန်းရန် သဘောတူထားသည့် အဖွဲ့အစည်းနှင့်သာ မြဝတီဆိပ်ကမ်း ကုန်သွယ်မှုကို ပြန်လည်ဖွင့်လှစ်ရန် ဖြစ်နိုင်သည်။ KNU သည် ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုအတွက် ရွေးချယ်သင့်သော အဖွဲ့အစည်းဖြစ်သည်။

ကရင် ပြည်နယ်ရှိ လိမ်လည်မှုလုပ်ငန်းများတွင် အဓိက ရာဇ၀တ်ကောင်များကို ပိတ်ဆို့အရေးယူရာတွင် ယူကေ ကို နမူနာ ယူသင့်သည်။ ၂၀၂၃ ဒီဇင်ဘာတွင် ယူကေသည် ရာဇ၀တ်မှုတွင် ပါဝင်ပတ်သက်သူ သုံးဦးအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ တရုတ်အား ၎င်း၏ နယ်စပ်ရှိ လိမ်လည်မှုများတွင် ပါဝင်ပတ်သက်နေသော နာမည်ကြီး ရာဇ၀တ်ကောင်များကို ဖမ်းဝရမ်းထုတ်ရန် တွန်းအားပေးသင့်သည်။