မောင်တောက ရိုဟင်ဂျာများ အသတ်ခံရမှု “လုံးဝပတ်သက်မှုမရှိ” ဟု AA ပြော

ပုံအညွှန်း- သေဆုံးသွားသည့် ရိုဟင်ဂျာ ရုပ်အလောင်းများနှင့် သရက်အုပ်ကျေးရွာ အုပ်စုမြေပုံ

ပုံအညွှန်း- သေဆုံးသွားသည့် ရိုဟင်ဂျာ ရုပ်အလောင်းများနှင့် သရက်အုပ်ကျေးရွာ အုပ်စုမြေပုံ

ဓာတု

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာငါးဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုသည် AA နှင့် “လုံးဝပတ်သက်မှုမရှိ” ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူက ယနေ့ (ဧပြီလ ၂၄ ရက်နေ့) တွင် ပြောသည်။

ထို့ပြင် “ဖမ်းဆီးတာလည်း မရှိပါဘူး” ဟု AA ပြောခွင့်ရသူ ခိုင်သုခက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားပြောဆိုထားခြင်း ဖြစ်သည်။

မောင်တောမြို့၏ မြောက်ဘက်ရှိ အဘူဂျာကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က ရိုဟင်ဂျာငါးဦးကို လက်နက်ကိုအဖွဲ့တခုက ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် သေဆုံးနေသော ၎င်းတို့၏ ရုပ်အလောင်းများကို ‌ကျေးရွာအနီး တံတားဘေးတွင် ဒေသခံများက တွေ့ရှိခဲ့သည်။

ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေချိန် ထိလွယ်ရှလွယ်သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခထောင်ချောက်ကို သတိထားရန် တိုက်တွန်းနေကြချိန် ယင်းသတ်ဖြတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သေဆုံးသူ ငါးဦးမှာ အဘူဂျာရွာ ဒေသခံများဖြစ်ကြသည့် ဦးမော်လဝီ-ဆော်အိဒ် ၊ဦးအဒုလ်အာမိန်၊ ဦးအာဘုလ်ကာလာမ်၊ ဦးအီဆာလာမ်နှင့်ဦး အာယာစ်တို့ ဖြစ်သည်။

ပုံအညွှန်း- သေဆုံးသွားသည့် ရိုဟင်ဂျာ ရုပ်အလောင်းများနှင့် သရက်အုပ်ကျေးရွာ အုပ်စုမြေပုံ

၎င်းတို့ငါးဦးကို မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ရှင်းရှင်းလင်းလင်း သိရရန် ဒေသခံများထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်သွယ် မရသေးပေ။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ထိုရိုဟင်ဂျာငါးဦးကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဧပြီလ ၂၂ ရက်နေ့က ၎င်း၏လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

“အဲဒီနေရာမှာ ဘင်္ဂါလီမူဆလင်အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA၊ ARA၊ RSOနဲ့ တခြားမူဆလင် မူးယစ်ဂိုဏ်းတွေ လှုပ်ရှားပြီးတော့ ရှုပ်ထွေးနေတဲ့ နေရာဖြစ်ပါတယ်၊ သူတို့ရာဇဝတ်ဂိုဏ်းတွေကြားမှာ တဖက်နဲ့တဖက် မကျေနပ်လို့ လုပ်ကြံသတ်ဖြတ်တာတွေပဲ ဖြစ်ပါလိမ့်မယ်” ဟု AA ပြောခွင့်ရသူ ခိုင်သုခက ပြောထားသည်။

AA အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုတောင် ကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်းထားပြီး ယခုလိုဥပဒေမဲ့ မတရားသတ်ဖြတ် ဖမ်းဆီး သည့် လုပ်ရပ်မျိုးကို ပြုလုပ်မည်မဟုတ်ကြောင်းလည်း ဆိုသည်။

လက်သည်မပေါ်ဘဲ ရိုဟင်ဂျာငါးဦး သတ်ဖြတ်ခံခဲ့ရသော သရက်အုပ်ကျေးရွာအုပ်စုရှိ အဘူဂျာကျေးရွာသည် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ပြည်နယ်ကို နယ်နမိတ်စည်းခြားထားသော ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အနီးတွင် တည်ရှိသည်။

အဆိုပါ အဘူဂျာရွာတွင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ကလည်း မပေါက်ကွဲသေးသည့် ဗုံးသီးကို ဆော့ကစားရာမှ အသက် ၁၀ နှစ်အောက် ရိုဟင်ဂျာ ကလေးငယ်နှစ်ဦး သေဆုံးသွားသည်။

စာတည်း။ ။ နောင်နောင်