ဆားလင်းကြီးမြို့ ကံကုန်းရွာကို စစ်ကောင်စီတပ်မီးရှို့၊ ဒေသခံ ၇,၀၀၀ ခန့် စစ်ဘေးရှောင်

လွှမ်းမိုး

မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် မုံရွာ – ပုသိမ်လမ်းတလျှောက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဧပြီလ ၂၃ ရက် နံနက် ၅ နာရီ အချိန်မှစတင်၍ ဒေသခံ ၇,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းတွင် အင်အား ၁၅၀ ခန့်ပါရှိပြီး ယနေ့(ဧပြီလ ၂၅ရက်)နံနက် ၈ နာရီအချိန်တွင် ကံကုန်းကျေးရွာရှိ နေအိမ် နှစ်လုံးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း မဇ္စျိမ၏ မြေပြင်သတင်းထောက်ထံမှ သိရသည်။

“ စစ်ရှောင်ရတာ ဒီလဆို နှစ်ကြိမ်ရှိပြီ။ တကြိမ်ရှောင်ရရင် တပတ်နှစ်ပတ်ကြာတယ်။ နေက တအားပူပြီး နေစရာ ၊ ထိုင်စရာက မရှိ။ သစ်ပင်လေးတွေအောက် ဖြစ်သလိုနေကြရတယ်။ လူကြီးတွေအတွက်ရော ၊ ကလေးတွေအတွက်ရော ကျန်းမာရေး စိုးရိမ်နေရတယ်” ဟု စစ်ရှောင်တဦးက ဆိုသည်။

စစ်ကောင်စီတပ်က ဧပြီလအတွင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ကို နှစ်ကြိမ်တိုင် စစ်ကြောင်း ထိုးခဲ့ပြီး ၊ ဒေသခံများကို စည်းရုံးရေးလုပ်ဆောင်နေကြာင်း ယင်းမာပင်သပိတ်အဖွဲ့ မှ ကိုလွမ်းသူက ဆိုသည်။

“ စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးပြီး စည်းရုံးရေးလုပ်တယ် ၊ နယ်မြေရှင်းလင်းရေး လုပ်တယ်၊ ကြေးနီ သတ္တုတွင်းတွေ ပြန်လည်ပတ်ဖို့ အားစိုက်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် တချို့ရွာတွေက ဒေသခံတွေဟာ စစ်မရှောင်ကြတော့ဘဲ ၊ စစ်တပ်နဲ့ အဆင်ပြေဖြစ်နေတာတွေ ရှိတယ်” ဟု ကိုလွမ်းသူက ဆိုသည်။

လက်ရှိ အချိန်တွင် စစ်ကောင်စီတပ်က တူးဖော်ထုတ်လုပ်ပြီးကြေးနီပြားများကို သယ်ဆောင်ရန်အတွက် ယင်းမာပင်မြို့နယ် ယင်းမာပင် – ဆားလင်းကြီး လမ်းတလျှောက်တွင် ကင်းပုန်းများထားရှိကာ မကြာခဏ ကင်းပတ်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒုံးတော ၊ ကျေးစာကျ ၊ ကံကုန်း ၊ ဂုဏ်တော ၊ ဘိန်းနွယ်ချောင် စတဲ့ကျေးရွာများမှ ဒေသခံ ၇,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေကြရပြီး စစ်ရှောင်ရက်ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲရှိနေကြောင်း စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)