ရွှေပေါက္ကံရဲစခန်းမိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးဒဏ်ရာရဟုဆို

ပုံအညွှန်း- ရွှေပေါက်ကံရဲစခန်းဝင်း ဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် မိုင်းများ (ဓါတ်ပုံ- မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

ပုံအညွှန်း- ရွှေပေါက်ကံရဲစခန်းဝင်း ဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် မိုင်းများ (ဓါတ်ပုံ- မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

YT

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ ညောင်ရမ်းလမ်းပေါ်ရှိ နယ်မြေရဲစခန်းအား မိုင်းထောင်ဖောက်ခွဲခဲ့ရာ ရဲနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပကဖဒု-တာဝန်ခံက ပြောသည်။

ယမန်နေ့(ဧပြီလ ၂၄ ရက်) ညနေ ၆ နာရီ ၄၅ မိနစ်က ရွှေပေါက္ကံရဲစခန်းဝင်ပေါက်အနီးတွင် မိုင်းနှစ်လုံးထောင်ခဲ့ပြီး ရဲနှစ်ဦးကင်းပတ်ရန် ထွက်လာစဉ် မိုင်းခွဲခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲနှစ်ဦး ဒဏ်ရာရခဲ့ပြီး မည်သည့်နေရာတွင် ဆေးကုသမှုခံယူနေသည်ကို မသိရသေးကြောင်း မြောက်ဥက္ကလာပမြို့နယ် ပကဖ ဒု- တာဝန်ခံက ပြောသည်။ ရဲနှစ်ဦး ဒဏ်ရာရသည် ဆိုသည့်အချက်အလက်နှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယမန်နေ့ညက ပေါက်ကွဲမှုသည် ပြင်းထန်ခဲ့ပြီး ကျယ်လောင်သည့် အသံကြားလိုက်ရကြောင်း မြောက်ဥက္ကလာပမြို့နယ်နှင့် ရွှေပေါက္ကံမြို့သစ်၌ နေထိုင်သူအချို့ကပြောသည်။

ပုံအညွှန်း- ရွှေပေါက်ကံရဲစခန်းဝင်း ဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် မိုင်းများ (ဓါတ်ပုံ- မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

ရဲစခန်းဝင်းအတွင်း မိုင်းထောင်ဖောက်ခွဲခံရပြီးနောက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က ရွှေပေါက္ကံတံတားထိပ်တွင် ယမန်နေ့ ညပိုင်းနှင့် ယနေ့ ဧပြီလ ၂၅ ရက်နေ့နံနက်အထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ညောင်ရမ်းလမ်းနေ ဒေသခံတဦးကပြောသည်။

” တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်စစ်ဆေးတာ။ ဖမ်းတာဆီးတာအချို့ရှိပေမယ့် နောက်ထပ်ဘာမှမကြားရတော့ဘူး” ဟု မြောက်ဥက္ကလာပမြို့၊ ၆ကွေ့ကားမှတ်တိုင်အနီးတွင် နေထိုင်သူတဦးကပြောသည်။

ရန်ကုန်မြို့တွင် မြေအောက်ပျောက်ကျားတပ်ဖွဲ့ (UG)များ၊ပြည်သူ့ကာကွယ်ရေးရဲဘော်များအမြဲရှိနေကြောင်းနှင့် စစ်ကောင်စီအနေဖြင့် ရန်ကုန်ကို ထိန်းချုပ်၍ မရနိုင်ကြောင်း သိစေရန် ယခုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်ခြင်းဟု မြောက်ဥက္ကလာပမြို့နယ်ပကဖဒု-တာဝန်ခံက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ၂ရက်ညကလည်းမြို့မရဲစခန်း မိုင်းဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု Guardians UG အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့်ဧပြီလ၁၈ရက်နေ့က
မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်အရာရှိလူပျိုဆောင်နှင့်ကြံ့ခိုင်ရေးပါတီရုံးကို Dark Shadow မြို့ပြပျောက်ကျားအဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စာတည်း – အေးချမ်း