မြဝတီတွင် အုပ်ချုပ်ရေးယန္တရား လစ်ဟာနေ

YT၊ ရွှေနွယ်

(မဇ္ဈိမ)။ ။ မြ၀တီမြို့ပေါ်တွင် မရှိမဖြစ် ကိစ္စရပ်များမှအပ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားက ပျက်ပြားနေပြီး အစားထိုးလည်း ဝင်ရောက်လည်ပတ်နိုင်ခြင်းမရှိသည်ကို မဇ္ဈိမက စုံစမ်းသိရှိရသည်။

စစ်ကောင်စီ၏ ယန္တရားများဖြစ်သော ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်ရုံး၊ လျှပ်စစ်၊ စည်ပင်သာယာ၊ အစိုးရဘဏ်၊ မြေစာရင်းတို့မှာ မလည်ပတ်နိုင်ဘဲဖြစ်နေသည်။

သင်္ကြန်ကာလ မတိုင်ခင် ဖြစ်ပွားခဲ့သည့် မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ (၂၇၅) စခန်းသိမ်း တိုက်ပွဲကတည်းက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ထွေအုပ်ရုံးအပါအဝင် အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက်များရှိ ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားကြသည်။

” စုပေါင်းရုံးတို့ ခရိုင်ရဲစခန်းတို့က အခွံပဲကျန်တော့တာလေ။ သင်္ကြန်မတိုင်ခင်ကတည်းက ဒီတိုက်ပွဲတွေ စဖြစ်ကတည်းကပေါ့။ ရုံးတွေရှေ့မှာ ဟန်ပြသဘောတော့ လမ်းတွေ ပုံမှန်လိုပိတ်ထားတယ်။ ရုံးတွေရှိတဲ့လမ်းဘက်ခြမ်း သွားမရဘူး၊ ဒါပေမယ့် အထဲမှာ လူမရှိဘူး” ဟု အမှတ် (၄)ရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အရပ်ဝတ်ရဲအနည်းငယ်ကိုတော့ အမှုအခင်းများကိုင်တွယ်ဆောင်ရွက်မှုကဲ့သို့သော ရဲလုပ်ငန်းလုပ်သည်မဟုတ်ဘဲ ရုံးစောင့်ပုံစံမျိုးတွေ့ရသည်။

မြ၀တီ-မဲဆောက်အကြား တရားဝင်အားဖြင့် လူနှင့် ကုန်စည်ကူးသန်းမှုက ဧပြီ ၂၁ ရက်နေ့ကတည်းရပ်နားထားသည်။ သို့သော် အမှတ် (၁) တံတားထိပ်တွင်တော့ လ၀ကဝန်ထမ်းအနည်းငယ်ကိုဆက်လက်တွေ့နေရပြီး ထိုင်းဘက်မှသည် မြန်မာဘက်သို့ လူအဝင်ကိုလက်ခံ​ပေးသည်။ မြန်မာဘက်မှ ထိုင်းဘက်သို့ အဝင်ကတော့ ပိတ်ထားစဲဖြစ်သည်။

မြို့အတွင်း လျှပ်စစ်မီးအတွက် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်သွယ်တန်းမှုကို အားပြုနေရပြီး မြန်မာဓာတ်အားလိုင်းကတော့ လျှပ်စစ်မီးရရှိမှုအလွန်နည်းသလို လျှပ်စစ်ရုံးကလည်း မီတာခလာမကောက်နိုင်ဘဲဖြစ်နေသည်။

ဆေးရုံကတော့လည်ပတ်နေပြီး အမှတ် (၂) တံတားထိပ်တိုက်ပွဲများတွင် ဒဏ်ရာရသူအချို့ကိုပင် မြ၀တီခရိုင်ဆေးရုံတွင် ကုသပေးခဲ့ကြသည်။ စျေးများလည်ပတ်နေဆဲဖြစ်ကာ ညစျေးပင်လျှင် ဖွင့်လှစ်နေသည်။

မြို့တွင်း BGF/ KNA တပ်ဖွဲ့ဝင်များက ကားဖြင့် ကင်းလှည့်မှုများပြုလုပ်နေခဲ့သည်။