PDF က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းများနှင့် ရှော့တိုက်ဒုံးများပေါင်းစပ် တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ဧပြီ ၂၄ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အသေအပျောက်များကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်ကလည်း အနီးနားရှိကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှု စစ်ကြောင်းထိုးမှုဖြစ်ပေါ်ခဲ့ရာက အရပ်သားတဦးသေဆုံး၊ ခုနှစ်ဦးဒဏ်ရာရကာ နေအိမ်ငါးလုံးမီးလောင်ဆုံးရှုံးသွားခဲ့သည်။

နမခစစ်ဌာနချုပ်ကို ယခင်က ဒရုန်းဖြင့်တိုက်ခိုက်မှုများရှိခဲ့သော်လည်း ယခုကဲ့သို့ ဒရုန်းနှင့် ဒုံးတွဲသုံးနိုင်မှုကတော့ ပထမဆုံးအကြိမ်ဖြစ်သည်။

လုံခြုံရေးထူထပ်သော စစ်ဌာနချုပ်ဝင်းအတွင်းရှိ အရာရှိရိပ်သာဆောင်များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုတွင် ရှော့တိုက်ဒုံး အလုံး ၂၀နှင့် ကာမီကာဇေဒရုန်း ငါးစီးတို့ပါဝင်ပြီး ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ၊ Chindwin Rocket Brothers ၊ Dragon Brothers Task Force ၊Advance(47)၊ ချိုမိုင်မိုင်တပ်ဖွဲ့ နှင့် မုံရွာခရိုင် အမှတ်(၁၃) တပ်ရင်းတို့ ပူးတွဲစစ်ဆင်မှုဖြစ်သည်။

“ဗဟိုကင်းကို ရှော့တိုက်ဒုံး ထိမှန်ပြီး ဗိုလ်မှူးအပါအဝင် တပ်စိတ်တစိတ်လုံး သေဆုံးခဲ့တယ်။ အသားစတွေ ၊ အရိုးတွေ ကုန်းကောက် မရအောင် တခြားစီဖြစ်ပြီး ဂေါ်ပြားနဲ့ ကျုံးယူရတဲ့ အဆင့်ထိရောက်သွားတာ ဖြစ်တယ်”ဟု KLG PDF ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမသို့ ပြောသည်။

ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

စစ်ဌာနချုပ်အတွင်းရှိ ဇေယျာသီရိခန်းမ ၊ ဗဟိုကင်း ၊ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၇) ၊ တပ်ဆေးရုံ တဆခွဲ(၄/၃၀၀) ၊ ထပရ (၉၂၉) ရိက္ခာသိုလှောင်ရုံ ၊ စရဖ-(နခ) ရုံးအဆောက်အဦးနှင့် BE မိုင်းတပ်ဖွဲ့ ရိပ်သာဆောင်တို့ ထိမှန်ပျက်စီးခဲ့သည်ဟုလည်း KLG PDF ကပြောသည်။

“နမခ မှာအရင်က ကာကင်းတွေ၊ ကင်းပုန်းတွေ အချိန်ပြည့်ရှိတယ်။ မရှိတဲ့ အချိန်ကိုအခွင့်ကောင်း ယူပြီးတိုက်ခိုက်ခဲ့တာပါ။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကိုလည်း အချိန်မရွေး တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သဘောကို ပြချင်တာ ဖြစ်တယ်” ဟု ချိုမိုင်မိုင်တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ပြီး ဂျက်တိုက်လေယာဉ် ပျံဝဲနေခဲ့သည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရှေ့ပြေးတောင်ပေါ်မှ အမြောက်များဖြင့်ပစ်ခတ်ခဲ့ပြီး ၂၅ ရက်နေ့ နံနက် ၂ နာရီခန့်တွင် နခမ၏အနောက်မြောက်ဘက်ကပ်လျပ်တည်ရှိသော ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ကာ နေအိမ်များမီးရှို့မှုပြုလုပ်ခဲ့သည်ဟု PDF တပ်ဘက်က ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုက ဘုတလင်မြို့နယ် ထန်းတောကျေးရွာနေ အသက် ၁၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး လူခုနှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သည်။ ထို့အပြင် မီးရှိုခံရ၍ ထန်းတောရွာတွင်နေအိမ်ငါးလုံးဆုံးရှုံးသွားခဲ့သလို ကွမ်းခြံကုန်း၊ ထန်းတောကျေးရွာနေသူများ ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေခဲ့ကြရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ