မလွှဲတောင်ဂိတ် အချိန်ကန့်သတ် ဖွင့်ပေးသည့်အတွက် ခရီးသည်တင်ကားနှင့် ကုန်ကားများ ပိတ်မိနေ

ပုံအညွှန်း-မလွှဲတောင်ဂိတ်တွင် ခရီးသည်များပိတ်မိနေသည့်ပုံတွေ့ရစဉ်။

ပုံအညွှန်း-မလွှဲတောင်ဂိတ်တွင် ခရီးသည်များပိတ်မိနေသည့်ပုံတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ရေး-ထားဝယ် လမ်းပိုင်းရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က တရက်လျှင် ငါးနာရီသာ ဖွင့်ပေးသည့်အတွက် ခရီးသည်တင်ကားများနှင့် ကုန်ကားများ ပိတ်မိနေသည်ဟု ခရီးသွားသူများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

“စစ်တပ်က ဒီမလွှဲတောင်ဂိတ်ကို အချိန် အကန့်သတ်နဲ့ ဖြတ်သန်း သွားလာခွင့် ပြုလုပ်လိုက်တော့ ခရီးသည်တွေရော ကုန်ကားတွေပါ အကုန် ပြဿနာ တက်ကုန်တယ်”လို့ ခရီးသည်တင်ယာဉ် မောင်းနှင်သူတဦးက ပြောသည်။

နေ့စဉ် ကားများ ရာနှင့်ချီ၍ ပိတ်မိနေခြင်းဖြစ်ပြီး ရာသီဥတု အပူပြင်းခြင်း၊ နားနေဆောင် မရှိခြင်း၊ အစားအသောက်နှင့် ကျန်းမာရေးအတွက် အပေါ့အပါး သွားလာရန် ခက်ခဲခြင်းတို့ကြောင့် အခက်ကြုံ နေရသည်ဟု ဆိုသည်။

“ပုံမှန်ဆိုရင် လက်ရှိကာလမှာ ဒီနေ့ မနက်ထွက် နောက် တနေ့ ညနေဆိုရင် ရန်ကုန်ရောက်နေပြီ။ အခုလို ပိတ်မိနေတော့ လမ်းမှာသုံးရက်လောက်ကြာနေတော့ ကုန်စိမ်းတွေ တင်ဆောင်လာတဲ့ ကားတွေဆိုရင် လမ်းမှာ ပုပ်သိုးတာတွေ ကြုံနေရတယ်”ဟု ကုန်ပစ္စည်းများ ပို့ဆောင်နေသော ယာဉ်လိုင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခင်က အဆိုပါဂိတ်အား ၂၄ နာရီ ဖွင့်ပေးထားခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ဖြတ်သန်း သွားလာခွင့် ပြုခဲ့ရာမှ လက်ရှိတွင် ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီ အထိသာ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ခရီးသွား ပြည်သူများထံမှ သိရသည်။

“အခုလို စစ်တပ်ဂိတ်မှာ အချိန်ငါးနာရီသာ ဖြတ်သန်း သွားလာခွင့် ပြုလိုက်တော့ ယာဉ်တန်းတွေ ရာနဲ့ချီ ပိတ်မိနေသလို အပူရှိန်ကြောင့် ခရီးသည်တွေ တော်တော်လေးကို နေရထိုင်ရ အခက်အခဲတွေ နဲ့ ကြုံနေရတယ်”ဟု ခရီးသည်တဦးက ပြောသည်။

ထိုသို့ ခရီးစဉ်အချိန် ကြန့်ကြာမှုများကြောင့် ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင် ယခင်ကနှစ်ရက်သာ ကြာသော်လည်း လက်ရှိတွင် သုံးရက်နီးပါး အချိန်ကြာနေကြောင်း ကုန်ကားမောင်းသူများက ပြောသည်။

အဆိုပါ ရေး-ထားဝယ်လမ်းမရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက မကြာခဏ ပိတ်ဆို့ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ