ချီဖွေနှင့် မိုးညှင်းတွင် သစ်တောဖုံးလွှမ်းမှုများ ကျဆင်းလာပြီး သတ္တုတူးဖော်မှု တိုးလာ

ပုံအညွှန်း-ကချင်ပြည်နယ်ရှိ ​မြေရှားသတ္တု လုပ်ငန်းခွင်တခုအား ​တွေ့ရစဥ် (ဓါတ်ပုံ-Global Witness)

001

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ချီဖွေမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် သစ်တောဖုံးလွှမ်းမှုများ ကျဆင်းလာပြီး သတ္တုတူးဖော်မှုများ တိုးလာကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Humanity Institute က ဇွန်လ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် ကချင်ပြည်နယ်အတွင်း ချီဖွေနှင့် မိုးညှင်း ရေဝေရေလဲဒေသ မြေယာတောတောင်အခြေအနေကို ဆန်းစစ်လေ့လာခြင်း ဆွေးနွေးပွဲတွင် ပြောသည်။

“အဓိကအားဖြင့် ဒီအင်းတော်ကြီးလို ရေနဲ့နီးတဲ့နေရာတွေမှာ သတ္တုတူးဖော်မှုတွေ များလာတဲ့အတွက် ရေရဲ့ Quality (အရည်အသွေး)နဲ့ ပြီးတော့ ဒီဒေသကိုထိန်းကျောင်းပေးထားတဲ့ဝန်ဆောင်မှုအပေါ်တွေမှာ သက်ရောက်မှုတွေဖြစ်လာနိုင်တယ်” ဟု Humanity Institute မှ တာဝန်ရှိသူတဦးက ဆိုသည်။

ထိုမြို့နယ်နှစ်ခုတွင် အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်သော်လည်း ချီဖွေတွင် မြေရှားသတ္တုတူးဖော်မှုနှင့် မိုးညှင်းတွင် ရွှေနှင့် ကျောက်စိမ်းတူးဖော်မှုများကို စီးပွားရေးအရ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်နေကြောင်း သိရသည်။

သစ်တောဖုံးလွှမ်းမှုကို ကြည့်ပါက ချီဖွေမြို့နယ်တခုလုံးအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၈၇ ဒသမ ၆၉ ရာခိုင်နှုန်းရှိပြီး ၂၀၂၄ ခုနှစ်တွင် ၈၀ ဒသမ ၆၄ ရာခိုင်နှုန်း ကျဆင်းသွားသည့်အတွက် နှစ်စဉ်သစ်တောပြုန်းတီးမှုအားသည် ဧရိယာဟက်တာအားဖြင့် ၄,၇၀၀ ကျော်ရှိကြောင်း Humanity Institute က ဆိုသည်။

ချီဖွေမြို့နယ်၏ သတ္တုတူး‌ဖော်မှုသည်လည်း ၂၀၁၉ ခုနှစ်တွင် ၀ ဒသမ ၂၇ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၀ ဒသမ ၉၅ ရာခိုင်နှုန်းအထိ တိုးလာကြောင်း သိရသည်။

လက်ရှိ ချီဖွေဒေသတွင် မြေအသုံးချမှုနှင့် ပတ်သက်ပြီး ဆိုးဆိုးရွားရွား သိသာသည့် ပြောင်းလဲမှုများဖြစ်နေကြောင်းလည်း ပြောသည်။

ထို့ပြင် မိုးညှင်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်က မြို့နယ်တခုလုံး၏ ၈၅ ဒသမ ၇၈ ရာခိုင်နှုန်းခန့်သည် သစ်တောမြေအဖြစ်တည်ရှိနေပြီး ၂၀၂၄ ခုနှစ်တွင် ၈ ၂ ဒသမ ၇၄ ရာခိုင်နှုန်းသာ သစ်တောဖုံးလွှမ်းသည့် ဧရိယာအဖြစ်တည်ရှိနေကြောင်း သိရသည်။

သတ္တုတူးဖော်မှုသည်လည်း၂၀၂၄ ခုနှစ်တွင် ၂၀၁၉ ခုနှစ်ကထက် ၁ ဒသမ ၇ ဆခန့် ပိုမိုမြင့်တက်လာကြောင်း ဆိုသည်။

အဆိုပါ အခြေအနေများသည့် အာဏာသိမ်းကာလအတွင်း ဖြစ်ပွားလာသည့် အခြေအနေများဖြစ်ပြီး ၂၀၁၉ခုနှစ်ကိုဖော်ပြခြင်းမှာ ၂၀၂၀ ပြည့်နှစ်သည် COVID – 19 ကာလနှင့် ကြုံသွားသည့်အတွက် လုပ်ငန်းအများစုရပ်ဆိုင်းသွားသည့် အခြေအနေရှိသောကြောင့် ပိုမိုတည်ငြိမ်သည့် ၂၀၁၉ ကို အခြေခံပြီး ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂြိုလ်တုဓာတ်ပုံများအရ သစ်တောဖုံးလွှမ်းမှုမှ အခြားမြေအဖြစ်အသုံးချပြောင်းလဲမှု အများဆုံးသည် စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် လူနေအခြေချမှုများ၊ တတိယအနေဖြင့် မြေလွတ်များ ဖြစ်လာခြင်းဖြစ်ကာ နောက်ဆုံးအဆင့်သည့် ​​ခဲမဖြူ၊ အဖြိုက်နက်တူး​ဖော်မှုများ အပါအဝင် သတ္တုတူးဖော်မှုများဖြစ်ကြောင်း Humanity Institute က ပြောသည်။

“တကယ်တမ်းပြောရရင် ကျွန်တော်တို့ရဲ့ ပြထားတဲ့ data က ချီဖွေနဲ့ပတ်သက်တဲ့ mining(သတ္တုတူး​ဖော်မှု) လို့ပြထားတာ‌တောင်မှပဲ သူ့ရဲ့တိုးပွားမှုက ဒီလောက်များနေတာ။ အကယ်၍ မြေပြင်မှာ ဆင်းရင် ဒီ့ထက်‌တောင် ပိုပြီးများနိုင်တယ်။ မြေရှားသတ္တုက ဆိုးဝါးလွန်းတယ်။ ဘာဖြစ်လို့လဲဆို သူက မသိလို့ရှိရင် သစ်တောကို အပြောင်မရှင်းဘဲ ထုတ်တာပဲရှိတယ်။ ဒါပေမဲ့ အဲ့ဒီသစ်တောကသေသွားပြီ ” ဟု Humanity Instituteမှ တာဝန်ရှိသူက ဆိုသည်။

၂၀၁၉ ခုနှစ်မှ လာမည့် ၂၀၂၉ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ချီဖွေမြို့နယ်အနေဖြင့် တနှစ်လျှင် ဧရိယာဟက်တာ ၂,၃၀၀ ကျော် သစ်တောပြုန်းတီးမှုများဖြစ်​ပေါ်​နေမည်ဖြစ်ပြီး မိုးညှင်းမြို့နယ်အနေဖြင့်လည်း တနှစ်လျှင် ဧရိယာဟက်တာ ၁,၉၀၀ ကျော်အထိ သစ်တောပြုန်းတီးမှုများ ရှိနေမည်ဖြစ်ကြောင်း Humanity Institute က ခန့်မှန်းထားသည်။

စာတည်း။ ။ နောင်နောင်