တီးတိန်တိုက်ပွဲတွင် စစ်ကောင်စီစခန်း၂ခုကို ချင်းပူးပေါင်းတပ်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ဦးအရှင်ဖမ်းမိ

မေလ၂၇ရက်နေ့တွင် စစ်ကောင်စီတပ်မီးရှို့ထားသော တီးတိန်မြို့ နာရီစင်အနီးက လူနေအိမ်များ မီးမရှို့ခင်နှင့် မီးရှို့ပြီးနောက် မြင်ကွင်း/ဓာတ်ပုံ။ ။CYAQUAL

ကိုခင်မောင်

(မဇ္စျိမ) ။ ။ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင်း တိုက်ပွဲတွင် စစ်ကောင်စီစခန်းနှစ်ခုကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုးဦးကို အရှင်ဖမ်းမိထားကြောင်း PDF – Zoland ကယမန်နေ့ မေလ ၂၇ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက မေလ ၂၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်မှစတင်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မေလ ၂၇ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့မရပ်ကွက်ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ)ရုံးနှင့် မိုက်ခရိုဆက်သွယ်ရေးရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF – Zolandကတာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ရဲစခန်းကို သိမ်းရန်တိုက်ခိုက်နေစဉ် စစ်ကောင်စီက ရဲစခန်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ထိုရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုးဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ပစ်ခတ်သော လက်နက်ကြီးသည် တီးတိန်မြို့နယ်၊ မီးသတ်တပ်ဖွဲ့ရုံးအနီးသို့ ကျရောက်ပေါက်ကွဲသဖြင့် ထိုနေရာအနီးမှ အသက်၃၅နှစ်အရွယ်ဒေါ်မန်းလမ့်ဝုန်သေဆုံးသွားပြီး ၎င်း၏ အစ်ကို အသက် ၄၀ ကျော်အရွယ် ဦးပါးဒါလ်းသည် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်သောကြောင့် မြို့မရပ်ကွပ်ရှိ Cope Memorial Batist Chruch၊ Cope Centennial Jubilee Hall (CCJ Hall)၊ Tedim Baptist Association (TBC)ရုံးအဆောက်အအုံများ အပါအဝင် လူနေအိမ်အချို့လည်းထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီမြေပြင်စစ်ကြောင်းများသည် ယမန်နေ့ ညနေ ၄နာရီခန့်မှ စ၍ မြို့မရပ်ကွက်ရှိလူနေအိမ်နှင့်ဈေးဆိုင်ခန်းများအား ဓာတ်ဆီဖြင့်လောင်းကာ မီးတင်ရှို့သွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

“မနေ့ည၁၁နာရီလောက်က တီးတိန်မှာ မိုးသည်းထန်စွာရွာသွန်းလာတယ်။ မီးလောင်နေတဲ့အိမ်တွေ အခုမီးငြိမ်းနေပါပြီ” ဟု ယနေ့(မေလ ၂၈ရက်) နံနက်ပိုင်းတွင် ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်မီးရှို့သောကြောင့် မြို့မရပ်ကွက်ရှိ ရွှေသဇင်ကားဂိတ်၊ မြတ်ပညာဘော်ဒါဆောင်အပါအဝင် လူနေအိမ် ၂၀လုံးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း PDF- Zolandမှ တာဝန်ရှိသူထံမှသိရသည်။ယမန်နေ့ ည ၁၁နာရီ ၃၀မိနစ်အချိန်ခန့်တွင် နှစ်ဖက်ပစ်ခတ်မှုငြိမ်သက်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းအထိ ပစ်ခတ်သံများမကြားရသေးကြောင်း ဒေသခံများက ပြောသည်။

လတ်တလောတွင် တီးတိန်မြို့အတွင်းမှ ဒေသခံ ၁၀,၀၀၀ကျော်သည် နီးစပ်ရာကျေးရွာများ၊စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

” ကျမတို့အိမ် မီးထဲပါသွားတယ်။ လက်နက်ကြီးမှန်လို့။ တော်တော်လေးကို ဒုက္ခရောက်ကြရပြီး တဦးချင်းက အကူအညီတွေ လိုအပ်နေပါတယ်”ဟု ကလေးမြို့သို့ရောက်ရှိနေသည့် တီးတိန်မြို့ဒေသခံတဦးကပြောသည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးကားလမ်းမပေါ်ရှိ တီးတိန်မြို့သည် လမ်းပန်းဆက်သွယ်ရေးအရအချက်အချာကျပြီး စစ်ကောင်စီတပ်ခြေလျင်တပ်ရင်း ခလရ (၂၆၉)အခြေစိုက်ထားသည်။ယခု စခန်းသိမ်းတိုက်ပွဲကို PDF- Zolandနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF- zoland ထံမှ သတင်းရရှိသည်။

ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံးရှိ ကျီခါးမြို့နှင့် တွန်းဇံမြို့ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မေလ ၁၉ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် တီးတိန်မြို့သို့ ထွက်ပြေးလာခဲ့ကြကြောင်း ချင်းကာကွယ်ရေးရဲဘော်အချို့ကပြောသည်။ ထို့နောက် တီးတိန်မြို့မှ စစ်ကောင်စီစခန်းများကို ထပ်မံတိုက်ခိုက်ခြင်းဟု သိရသည်။

လက်ရှိတွင်တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိရဲစခန်းနှင့် စကော့လမ်းရပ်ကွက်ရှိ ခလရ (၂၆၉)တပ်ရင်းကို သိမ်းပိုက်ရန် ကျန်ရှိနေသေးကြောင်း PDF -Zoland တာဝန်ရှိသူကပြောသည်။

စာတည်း – အေးချမ်း