လွိုင်ကော်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်တိုက်ပွဲဖြစ်

ပုံအညွှန်း-လွိုင်ကော် ပြည်နယ်ရဲရုံးကို တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့စဉ်

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ မြို့တော်လွိုင်ကော်သို့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှတဆင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေကြောင်း KNDF ထံမှ သိရသည်

အင်အား ၅၀၀ ဝန်းကျင်ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် လွိုင်ကော်-မိုးဗြဲ-ဆီဆိုင်လမ်းခွဲသို့ ရောက်ရှိလာပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ယနေ့( မေလ ၃၀ ရက်) နံနက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

“လွိုင်ကော်မြို့နယ်ထဲကို ဆီဆိုင်ကနေ အင်အား ၅၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက လွိုင်ကော်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။ နောက်ပြီးတော့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်စခန်းကနေပြီးတော့မှ စက်မှုဇုန်ဘက်ထွက်လာတာရှိပါတယ်။ ဆီဆိုင်ကနေလာတဲ့ စစ်ကြောင်းကတော့ လွိုင်ကော်-ဆီဆိုင်-မိုးဗြဲလမ်းခွဲကို ရောက်နေတယ်ပေါ့နော်။ အဲ့ဒီအနီးနားတဝိုက်ကို သူတို့ရောက်နေပြီး အဲ့ဒီအနီးနားတဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံ စောသအယ်စိုး ကပြောသည်။

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် လွိုင်ကော်မြို့တွင်းရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ လွိုင်ကော်မြို့ကို ထိန်းချုပ်ရန် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လွိုင်ကော်မြို့ပြင်ပိုင်းတွင် ကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ယနေ့ (မေ ၃၀ ရက်) နံနက်ပိုင်းတွင်မှသာ ဆီဆိုင်မှထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းသည် လွိုင်ကော်-ဆီဆိုင်-မိုးဗြဲ လမ်းခွဲ့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ရဲဘော်တဦးက ပြောသည်။
“သူတို့က မြို့ထဲက တပ်နဲ့ ပြန်ပေါင်းပြီး မြို့ကိုထိန်းဖို့ ဆီဆိုင်ကနေဖြတ်လာတာ။ မနက်တုန်းက စက်မှုဇုန်မှာ ပစ်ကြတာ” ဟု ရဲဘော်က ဆက်ပြောသည်။

လွိုင်ကော်မြို့တွင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (လွိုင်ကော် ဒကစ)၊ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ (၂၅၀)၊ နွားလဝိုးကျေးရွာအနီးရှိ ခလရ (၂၆၁)၊ ခလရ (၅၄)၊ အမြောက်တပ် အမတ(၃၆၂)၊ ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ -၇၂၂) နှင့် အမှတ်(၇) တပ်မတော် ဆေးရုံ တို့ရှိကြောင်း သိရသည်။

လွိုင်ကော်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် ၁၁၁၁ စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့နယ်ရှိ စခန်း ၁၂ ခုကို ကာကွယ်ရေးပူးပေါင်းတပ်မှ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီအခြေစိုက်ရာ ယင်းအဓိကစခန်းများကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ။

လွိုင်ကော်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများဖြစ်သည့် ကုန်းသာ၊ ကယန်းသာယာ၊ လွိုင်ကော်တက္ကသိုလ်၊ ခရိုင်စုပေါင်းရုံး၊ ရဲစခန်း၊ သီးသန့်ရဲလိုင်း၊ ပြည်နယ်ဧည့်ရိပ်သာ၊ ရေယို၊ ချိကယ်၊ ပုံချောင်း၊ ပန်ကန်းစစ်ဆေးရေးဂိတ်၊ ဒေါဆော်ဘီး စသည့် နေရာ ၁၂ ခုကို ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း မတ်လ ၂၃ ရက်နေ့တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း လွိုင်ကော်မြို့တွင်း ဒေသခံများသည် နီးစပ်ရာ ရှမ်းပြည်နယ်နှင့် အခြားဒေသများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြသော်လည်း လက်ရှိတွင် မြို့တွင်းသို့ပြန်လည်နေထိုင်မှုများရှိနေပြီး စစ်ကောင်စီဘက်ကလည်း အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိကာလသည် တိုက်ပွဲဖြစ်ပွားနေဆဲကာလဖြစ်သဖြင့် မြို့တွင်းသို့ ပြန်လည်အခြေချနေထိုင်ရန် မပြုသင့်သေးကြောင်း၊ အကယ်၍ မြို့တွင်း၌ ပြန်လည်နေထိုင်ပါက စစ်ကောင်စီတပ်များရှိရာအနီးတွင် နေထိုင်ခြင်းမပြုသင့်ကြောင်းနှင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန်လိုအပ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူတဦးက အကြံပြုသည်။

စာတည်း – သန့်ဇော်(သန်လျင်)