မုံရွေးဂိတ်အနီး စစ်ဆေးရေး ပြုလုပ်နေသည့် စကစတပ်ဖွဲ့ မိုင်းဆွဲခံရ၊ ၃ ဦး သေဆုံးဟုဆို

ပုံအညွှန်း - PDF – South Monywa တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

ပုံအညွှန်း – PDF – South Monywa တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ မုံရွေးဂိတ်အနီးတွင် လမ်းသွားလမ်း လာပြည်သူများကို တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ မိုင်းကွင်းအနီးသို့ ရောက်လာသည့် စကစတပ်ဖွဲ့ဝင်သုံးဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးလုံး သေဆုံးသွားကြောင်း မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း၊ တာဝန်ခံဒေါင်းကာရံက မဇ္စျိမကို ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုသည် မေလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ပြည်သူတွေကို အနိုင်ကျင့်စစ်ဆေးနေတယ်လို့သိလို့ ပစ်ဖို့သွားတာ၊ စစ်ဆေးတဲ့ အဖွဲ့ထဲက စစ်ကောင်စီတပ်သား သုံးယောက်က မယောင်မလည်နဲ့ မိုင်းပွိုင့်ပေါ် ရောက်လာတဲ့အတွက် ဆွဲခဲ့တာ ဖြစ်ပါတယ်” ဟု တာဝန်ခံ ဒေါင်းကာရံက မဇ္စျိမ ကို ပြောသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗျူဟာမြောက် ဖျက်အားပြင်း လက်နက်တမျိုး ဖြစ်သည့် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ခံ ဒေါင်းကာရံက ဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှာ အထိုင်ချ တပ်စွဲထားသူများဖြစ်ပြီး အနီးအနားရှိ ဂိတ်များတွင် စစ်ဆေးရေးလုပ်ရန် လှည့်လည်သွားလာတတ်ကာ
အင်အားပုံသေမရှိကြောင်း ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ထိုအဖွဲ့သည် မုံရွာမြို့အဝင်ရှိ မုံရွေးဂိတ်အနီး စစ်ဆေးရေးလုပ်နေစဉ် တိုက်ခိုက်ရန်အတွက်သွားရောက်ချည်းကပ်ခဲ့သော်လည်း လမ်းပေါ်တွင် အရပ်သားပြည်သူ အများအပြား ရှိနေသည့်အတွက် ပစ်ခတ်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း တာဝန်ခံ ဒေါင်းကာရံက ပြောသည်။

ပဒေသာမိုင်း တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်းဖြစ်သည့် PDF – South Monywa တပ်ခွဲ(၁) ၊တပ်ခွဲ(၃)၊ တပ်စု(၂)နှင့် Youth Vigor Revolution Force ၊ မုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ(၁) ၊ တပ်ခွဲ(၂) ၊ ကနောင်မင်းသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း PDF – South Monywa က ထုတ်ပြန်ထားသည်။

တရုတ်အစိုးရကုမ္ပဏီ ဝမ်ပေါင်၏ ကြေးနီစီမံကိန်းဝင်းအတွင်းမှ ထွက်လာသည့် ကြေးနီတွဲကားများကို PDF – South Monywa နှင့် မဟာမိတ်များက ချောင်းဦးမြို့နယ် ၊ နတ်ရေကန် နှင့်ရေပိုးစားအကြားမှာ ပဒေသာမိုင်း ငါးလုံးဖြင့်တိုက်ခိုက်မှု မေလ၂၄ရက်နေ့ ညနေပိုင်းကလည်း ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး ထိခိုက်သေဆုံးသူများလည်း ရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်