ကျောက်ဆည်တွင် စကစတပ်အတွက် တပ်သားသစ်စုဆောင်းပေးနေသော ပျူခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

ကျောက်ဆည်မြို့နယ် ၊ သင်ပျိုရွာရှိ ပျူခေါင်းဆောင်ဆိုသူ ကိုသိန်းဆွေထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများ/ဓာတ်ပုံ။ ။ ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (KRA)

ကိုခင်မောင်

(မဇ္စျိမ)။ ။ စစ်ကောင်စီတပ်အတွက် တပ်သားသစ်စုဆောင်းပေးနေသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်ဆိုသူတဦးကို မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်မှ ယနေ့ (ဇွန်လ ၇ ရက်) တွင် ကြေညာသည်။

ပစ်သတ်ခံရသူသည် ကျောက်ဆည်မြို့နှင့် ငါးမိုင်ခန့်ဝေးသည့် သင်ပျိုကျေးရွာတွင် နေထိုင်သော ဦးသိန်းဆွေ (အသက် ၅၅ နှစ်) အရွယ်ဖြစ်ပြီး ပစ်ခတ်ခံရမှုကြေင့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုမှာ ဇွန်လ ၆ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်ဆည်မြို့မှ နေအိမ်သို့ ဆိုင်ကယ်နှင့် ပြန်လာချိန် လမ်းခုလတ်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ပျူခေါင်းဆောင် သိန်းဆွေက သင်ပျိုကျေးရွာ အုပ်ချူပ်ရေးမှူးအဟောင်း ဖြစ်ပါတယ်။ စကစဘက်က ပစ္စတိုသေနတ် ပေးအပ်ခံရသူပါ။ အဲဒါကိုင်ပြီး ပြည်သူတွေကို အနိုင်ကျင့်တဲ့သူပါ” ဟု ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

၂၀၁၅ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တက်လာချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးမှ အနားပေးခံလိုက်ရသော ဦးသိန်းဆွေနှင့်အတူ ဆိုင်ကယ်စီးလာသော ဇနီးဖြစ်သူမှာလည်း ကျည်ဆန်ထိမှန် ဒဏ်ရာရသွားကြောင်း သိရသည်။

“ဇနီးဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရသွားပါတယ်” ဟု ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဦးသိန်းဆွေသည် စစ်ကောင်စီတပ်အတွက် စစ်သားသစ်စုဆောင်းပေးခြင်း၊ ကျေးရွာအတွင်း စစ်တပ်လာလျှင် ရိက္ခာပို့ဆောင်ပေးခြင်းနှင့် စစ်ကောင်စီတပ်ထံ တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြောင်း သတင်းပေးတိုင်ကြားမှုများ ပြုလုပ်နေသူဖြစ်ကြောင်း ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းထံမှ တတောင့်ချင်း ပစ်အားရှိ ပစ္စတိုသုံး ကျည်ဖြစ်သည့် ၉ မမ ကျည်ခုနစ်တောင့်နှင့် လက်ကိုင်ဖုန်းသုံးလုံး၊ ကျပ်ငွေ ၂၀,၀၀၀ ၊ ဆိုင်ကယ်တစီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (K.R.A) ၊ ကျောက်ဆည် – KDDF နှင့် စဉ့်ကိုင်မြို့နယ် (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်