ရွှေကျင်တွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ဓာတ်ပုံ – ပုံဟောင်း

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ( ဇွန်လ ၆ ရက် ) နေ့လယ် ၁၀ နာရီအချိန်တွင် ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်၊ ကုလားသင်္ချိုင်းအနီးရှိ အဟောင်းပစ္စည်းဝယ်သည့် ဆိုင်နေရာသို့ လက်နက်ကြီးကျည် တလုံး ကျရောက်ရာမှ ဆိုင်တွင် အလုပ်လုပ်နေသူတဦးနှင့် အဟောင်းပစ္စည်းလာရောင်းသူတဦး သေဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

” အာရဖတ် ကုလားသံတိုသံစဆိုင်နားကျတာ။ ရွှေကျင်ကုလား သင်္ချိုင်း မျက်စောင်းထိုးက သံတိုသံစဝယ်တဲ့အလုပ်ရုံ။ အဲ့ဒီပေါ် ကျတာ တဦးက ပွဲချင်းပြီးဆုံးတယ်။ တယောက်က ဒီမနက်မှ ပဲခူးဆေးရုံမှာ ဆုံးတယ်။ သေသွားတဲ့ထဲက တယောက်က သုံးဘီးနဲ့ သံတိုသံစ သွားရောင်းတာ” ဟု ရွှေကျင်ဒေသခံတဦးက ပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် ရှမ်းကြေးရပ်ကွက်နေ အမျိုးသားတဦး(အသက် ၄၇ နှစ်)နှင့် အမျိုးသားတဦး(အသက် ၅၀ ကျော်) သေဆုံးကာ အသက် ၆၀ ကျော် သက်ကြီးပိုင်းတဦး အပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

” မြို့ထဲမှာတော့ KNU ဘက်က ပစ်တယ်ဆိုပြီး တပ်ဘက်က လိုက်ပြောနေတယ်။ တပ်နဲ့နီးစပ်တဲ့ မိသားစုတွေက ပြောတာ။ သူတို့အသီးမအောင်( လက်နက်ကြီးကျည်အဆင်မပြေ) လို့ ပြန်ကျတာ ဖြစ်နိုင်တယ်။ နေ့တိုင်း ပစ်တာက စစ်တပ်ဘက်ကချည်းပဲ ပစ်နေတာလေ” ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကို KNU၊ PDF များက ပြုလုပ်ခြင်းဖြစ်သည်ဟု ရွှေကျင်မြို့ပေါ်၌ စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းအဝိုင်းများက လိုက်လံပြောဆိုခြင်းများ ရှိကြောင်းနှင့် ဒေသခံများကမူ ရွှေကျင်ဗျူဟာနှင့် ခလရ (၅၇) မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆကြောင်း သိရသည်။ မဇ္ဈိမအနေဖြင့် မည်သည့်ဘက်က ပစ်ခတ်ခြင်းဖြစ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း ပိန်းဇလုပ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) မှ ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေကျင်မြို့နယ်၊ တောင်ခင်ကျေးရွာမှ အမျိုးသမီးတဦးသေဆုံး၍ အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး