တွန်းဇံတိုက်ပွဲမှ ဖမ်းဆီးမိသည့် စစ်ကောင်စီတပ်သားများကို ဥပဒေအရ ကိုင်တွယ်မည်ဟုဆို

ရုပ်သံအညွှန်း – ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သားများကိုလုံခြုံရာပို့ဆောင်စဥ် \ ရုပ်သံ – ရဲဘော် ထက်ခိုင် လူမှုကွန်ယက်

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ တွန်းဇံမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လုံခြုံသည့်နေရာသို့ ပို့ဆောင်နေပြီး စစ်သုံ့ပန်းဥပဒေအရ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ ဟွားငိုးလ်ရမ်း(CDF – Hualngoram) တပ်ဖွဲ့ထံက သိရသည်။

“ကျနော်တို့က တယောက်နဲ့တယောက် မုန်းလို့တိုက်နေကြတာမှမဟုတ်တာ ၊ သိဖူးတွေ့ဖူးကြတဲ့ သူတွေလည်း မဟုတ် ၊ ရန်ညိုးရန်စရှိတဲ့သူတွေလည်းမဟုတ်ဘူး ၊ ဝါဒမတူလို့ တိုက်နေကြတာလေ ၊ ကျနော်တို့က လူသတ်လမ်းစဥ်မလိုက်ဘူး ၊လူသားချင်းစာနာစွာနဲ့ ဆက်ဆံတယ် ၊ သူတို့ကိုတော့ စစ်သုံ့ပန်းဥပဒေအနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု CDF – Hualngoram စစ်ရေးတာဝန်ခံ ရဲဘော်ထက်ခိုင် က မဇ္စျိမကိုပြောသည်။

ယခု ဖမ်းဆီးရသည့် စစ်သုံ့ပန်းများကို ကောင်းမွန်စွာဆက်ဆံပြုစုစောင့်ရှောက်ထားပြီး လိုအပ်သည်များကို ဆေးကုသပေးထား၍ စစ်ဆေးလျက်ရှိကာ အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပန်းဥပဒေအရ လုပ်ဆောင်သွားမည်ဟုဆိုသည်။

တွန်းဇံမြို့တိုက်ပွဲမှ ဖမ်းဆီးမိသူများသည် ယခု ပထမအသုတ်ဖြစ်ပြီး နောက်ထပ် ကျန်ရှိသေးသော်လည်း ၎င်းတို့၏ တည်နေရာနှင့် အရေအတွက်ကိုမူ ဖော်ပြလိုခြင်းမရှိသေးကြောင်း ရဲဘော်ထက်ခိုင် က ဆက်ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားနှင့် ရဲ ၂၁ဦးကို လုံခြုံရာသို့ ရွှေ့ပြောင်းရန် ကားပေါ်တင်နေသည့် ရုပ်သံဖိုင်ကို ရဲဘော်ထက်ခိုင် က ၎င်း၏ လူမှုကွန်ရက်မှ ဇွန်လ ၁၂ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။
ယင်းရုပ်သံဖိုင်တွင် “မင်းအောင်လှိုင်အတွက် စစ်အုပ်စုတွေကောင်းစားဘို့ သစ္စာရှိရှိ ဘဝစွန့်နေတာ ခင်ဗျားတို့မိုက်တယ်ကွာ ၊ ဇော်မဲလုံးစကားနဲ့ ပြောရရင် ခင်ဗျားတို့ မိုက်လိုက်တာကွာ” ဟု စစ်သုံ့ပန်းများကို CDF – Hualngoram စစ်ရေး တာဝန်ခံ က ပြောဆိုနေခဲ့သည်။

သို့သော် စစ်ကောင်စီတပ်သားများကို နှိပ်စက် ၊ သတ်ဖြတ်မည်မဟုတ်ကြောင်း ၊ ၎င်းတို့ဖမ်းမိပါက နည်းမျိုးစုံဖြင့်သတ်ဖြတ်သော်လည်း ချင်းတော်လှန်ရေးအဖွဲ့များက ဆေးဝါးကုသပြီး ကောင်းမွန်စွာထားမည်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ယခုအချိန်တွင် အမြင်မှန်ရပြီး ၎င်းတို့၏ ဘဝနှင့် မိသားစုများကို စစ်အုပ်စုအတွက် မစတေးသင့်တော့ဘဲ အမြင်မှန်ရကာ ပြည်သူ့ တော်လှန်ရေးဘက်တော်သားများထံ အမြန်ဆုံးပူးပေါင်းကြရန် ရဲဘော်ထက်ခိုင် က မဇ္စျိမမှတဆင့် တိုက်တွန်းထားသည်။

အချိန်မနှောင်းမီ CDM ပြုလုပ်မည့်သူများကို နွေးထွေးစွာကြိုဆိုနေပြီး ၊ ဘဝသစ် ပြန်လည်စတင်နိုင်ရေးအတွက် အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်များရရှိရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လက်နက်များယူဆောင်လာနိုင်ပါက ဆုငွေများ ချီးမြှင့်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် မေလ ၁၅ရက်မှစ၍ တိုက်ခိုက်ခဲ့ရာ မေလ၂၁ရက်နေ့တွင် ကျီးခါး နှင့် တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးသူများနှင့် အရှင်ဖမ်းမိသူများရှိကာ စစ်လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)