စုကလိ စစ်ကောင်စီစခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီ ဗိုလ်မှူးကြီးအပါ ၂၁ ဖမ်းဆီးရမိ

စုကလိစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများနှင့်ပစ္စည်းများ

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီ စခက(၁၃) လက်အောက်ခံ၊ ခမရ(၅၆၀) တပ်ရင်းမှ တပ်စခန်းအား သိမ်းပိုက်ရာ ဗိုလ်မှူးကြီး ဝဏ္ဏတိုးအပါ ၂၁ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNU က သတင်းထုတ်ပြန်သည်။

ထိုစစ်ကောင်စီစခန်းကို ဦးဆောင်သည့် ဗိုလ်မှူးကြီး ဝဏ္ဏတိုးနှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦးကို လက်နက်ချရန် စာဖြင့် ငါးကြိမ်တိုင် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မတ် ၃၀ ရက်မှ ဇွန် ၁၆ ရက်အထိ စနိုက်ပါများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန် ၁၇ ရက်တွင် စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး ဇွန် ၂၁ ရက်တွင် အပြီးသတ်ရှင်း လင်းနိုင်ခဲ့သည်ဟု KNU က ဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ‌ခြောက်ဦး သေဆုံးကာ အများအပြားဒဏ်ရာရပြီး ၁၄ ဦး ထွက်ပြေးလွတ်မြောက်သွား‌‌ကြောင်း KNU က ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDO) နှင့် KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU က ‌ပြောသည်။

သိမ်းဆည်းရမိ လက်နက်ခဲယမ်းများမှာ ၆၀ မမ‌ ပြောင်းရှည်၊ ‌ပြောင်းတို နှစ်လက်၊ MA series သေနတ်များ၊ နင်းမိုင်း၊ တိုက်မိုင်းများ၊ မိုင်းရှာစက်နှင့် ခဲယမ်းအ‌‌မြောက်အမြားကို ရရှိခဲ့သည် ဟု KNU က ထုတ်ပြန်သည်။

ထိုစခန်းသည် -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်းတည်ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး