ကျိုက်မရောထောင်တွင် တန်းပိတ်ချိန် အလုပ်စေခိုင်းခံရသူ အကျဉ်းသား အမြင့်က ပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရ

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားတဦးအား တန်းပိတ်ချိန်၌ ထောင်အာဏာပိုင်များကခေါ်ယူ၍ အမြင့်ပေ ၂၀ ကျော်ရှိသည့် အုတ်တံတိုင်းပေါ်သို့ အကာအကွယ်မပါဘဲ ဂဟေဆော်ခိုင်းသဖြင့် ဓာတ်လိုက်ကာ ပြုတ်ကျသွားခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သည့်သတင်းရင်းမြစ်ထံမှ သိရသည်။

“မိန်းကလေးအဆောင်နဲ့ ယောက်ျားလေးအဆောင်တွေကို ခြားထားတဲ့ အုတ်တံတိုင်းတွေအပေါ်မှာ သွပ်ထပ်ကာရင်းနဲ့ဖြစ်သွားတာ။ မိန်းကလေးအဆောင်ဘက်ကိုကျသွားတယ်။ အကျဉ်းသားတွေက အဲ့ဒီအတွက် ထောင်အာဏာပိုင်တွေကို တာဝန်ယူပေးဖို့ ဝိုင်းအော်ကြတယ်။ အဲ့အချိန်က ပုံမှန်ဆို အကျဥ်းသားတွေကိုအလုပ်ခိုင်းလို့မရတော့ဘူး။​ တန်းပိတ်ချိန်ဖြစ်နေပြီး” ဟု သတင်းရင်းမြစ်က ပြောသည်။

ကျိုက်မရောအကျဉ်းထောင်တွင် ညွှန်ကြားရေးမှူး ဦးဇော်မင်းအောင်၏ အမိန့်ဖြင့် ဇွန်လ ၁၂ ရက် ညနေ ၆ နာရီကျော်အချိန်တွင် ပုဒ်မ ၁၈၈ မှောင်ရိပ်ခိုမှုဖြင့် ထောင်သုံးလ ကျခံနေရသည့် အကျဉ်းသား မောင်အောင်ချစ်ထွေး ကို ခေါ်ထုတ်ကာ အမြင့်ပေ ၂၀ ခန့်ရှိသည့် အမျိုးသားအဆောင်နှင့် အမျိုးသမီးအဆောင်ကိုခြားထားသည့် အုတ်တိုင်းပေါ်၌ သွပ်ကာခိုင်းစေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအချိန်တွင် မိုးရွာနေသဖြင့် ဂဟေဆော်နေရင်း ထိုအုတ်တံတိုင်းပေါ်မှ အမျိုးသမီးအဆောင်ဘက်သို့ ပြုတ်ကျသွားခြင်းဖြစ်ရာ ပြင်းထန်ဒဏ်ရာ ရရှိသွားပြီး ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

“သူထောင်ထဲရောက်တာ တလလောက်ပဲရှိတယ်။ ပြီးတော့ Safety အတွက်ဘာမှမပါဘူး။ ကျတဲ့အချိန်နဲ့ ဆေးရုံထုတ်တဲ့အချိန်ကလည်း တနာရီလောက်ကြာတယ်။ ကျွန်တော်တို့က မွန်ပြည်နယ် ညွှန်မှူးဇော်မင်းအောင်ကို တာဝန်ယူစေချင်တယ်၊ သူခိုင်းလို့ဖြစ်ရတာ၊ သူထောင်ထဲမှာ လာရောက်ခြယ်လှယ်နေလို့ဖြစ်နေတာ။ ညွှန်မှူးရဲ့စေခိုင်းမှုနဲ့ မလိုအပ်ဘဲ အမျိုးသမီးအဆောင်နဲ့ ဆေးရုံဆောင်ကြားက နဂိုရှိပြီးသားအကာအရံကို ထပ်ပြီးတိုးမြှင့်တာ မလိုအပ်ဘဲစေခိုင်းရင်းနဲ့ ဖြစ်လာတော့လည်း တာဝန်ယူမှုတာဝန်ခံမှု မရှိဘူးဖြစ်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယခင်ကလည်း တန်းပိတ်ချိန်တွင် အကျဉ်းသားများကို ခေါ်ထုတ်ခွင့်မရှိသော်လည်း ထောင်အာဏာပိုင်များက ခေါ်ထုတ်ကာ မတရားခိုင်းစေခြင်းများ မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။ ထောင်အာဏာပိုင်များ၏ မတရားခိုင်းစေမှုကြောင့် စိုးရိမ်ဒဏ်ရာ ရရှိသွားသည့် မောင်အောင်ချစ်ထွေးကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် မိသားစုထံသို့ အကြောင်းကြားခြင်းမရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

လက်ရှိတွင် ကျိုက်မရောအကျဉ်းထောင်အတွင်း၌ ထောင်ဆူပူမှုဖြစ်မည်ကို စိုးရိမ်သဖြင့် မောင်အောင်ချစ်ထွေး ပြုတ်ကျသွားခဲ့သည့် အမျိုးသမီး အကျဉ်းဆောင်ကို တန်းပိတ်ထားကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)