တရုတ်-ရုရှား-မြောက်ကိုရီးယား နယ်စပ်မြစ်မှတဆင့် ဂျပန်ပင်လယ်သို့ ဝင်ရောက်ရန် တရုတ်မျက်စိကျ 

တူးမန်းမြစ်သည် တရုတ်နှင့်မြောက်ကိုရီးယားနယ်စပ်တလျှောက် အရှေ့ဘက်သို့ စီးဆင်းသွားပြီး နောက်ဆုံးတွင် ရုရှားမှတဆင့် ဂျပန်ပင်လယ်ထဲသို့ စီးဝင်သွားသည်။ 

Nikkei Asia

ဂျန်ပန်၏ လုံခြုံရေးကို အကြီးအကျယ်ထိခိုက်စေနိုင်သည့် ဂျပန်ပင်လယ်အတွင်းသို့ နယ်စပ်မြစ်မှတဆင့် သင်္ဘောများသွားလာခွင့်ရရေးနှင့်ပတ်သက်၍ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့သည် မကြာမီ ဆွေးနွေးမှုများ စတင်လာနိုင်သည်။ 

တူးမန်းမြစ်ကြောင်းသည် တရုတ်နှင့်မြောက်ကိုရီးယားနယ်စပ်တလျှောက် အရှေ့ဘက်သို့ စီးဆင်းသွား ပြီး နောက်ဆုံးတွင် ရုရှားမှတဆင့် ဂျပန်ပင်လယ်ထဲသို့ စီးဝင်သွားသည်။ 

ကုန်းတွင်းပိတ် ကျီလင်းပြည်နယ် အရှေ့ဘက်စွန်းရှိ ဖန်ချွမ်ရွာအထိ တရုတ်ရေယာဉ်များသည် မြစ်ကြောင်းအတွင်း လွတ်လပ်စွာ သွားလာနိုင်သည်။ 

ဂျပန်ပင်လယ်အတွင်းသို့ ဝင်ရောက်နိုင်မည့် ကျန် ၁၅ ကီလိုမီတာအတွက် ရုရှားနှင့် မြောက်ကိုရီးယားတို့ ၏ ခွင့်ပြုချက်လိုအပ်သည်။ ဆိုဗီယက်ခေတ်က အမြင့် ခုနစ်မီတာရှိသည့် တံတားကြီးကလည်း သင်္ဘောကြီးများ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ထားသည်။ 

တူးမန်းမြစ်နှင့်ပတ်သက်၍ မြောက်ကိုရီးယားနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မေလက ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

၁၈၆၀ပြည့်နှစ်များတွင် ရုရှားအင်ပါယာက သိမ်းပိုက်ချိန်အထိ တရုတ်သည် သမိုင်းကြောင်းအရ ယင်းနယ်မြေကို ပိုင်ဆိုင်ခဲ့သည်။ မြစ်ကြောင်းတလျှောက်မှတဆင့် ဂျပန်ပင်လယ်အတွင်းသို့ တရုတ် သင်္ဘောများအား သွားလာခွင့်ပြုရန် တရုတ်က ရုရှားနှင့် မြောက်ကိုရီးယားတို့ကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး ကမ်းရိုးတန်းတလျှောက် အထူးစီးပွားရေးဇုန်တခု ထူထောင်ရန် တရုတ်က အဆိုပြု ထားသည်။ 

အရှေ့မြောက်အာရှတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ကြီးမားလာမည်ကို စိုးရိမ်သည့်အတွက် ရုရှားက တွန့်ဆုတ်ခဲ့သည်။ သို့သော် တရုတ်-ရုရှား-မြောက်ကိုရီးယားတို့အကြား အာဏာချိန်ခွင်လျှာ ပြောင်းလဲ လာချိန်တွင် ရုရှား၏ သဘောထားလည်း ပြောင်းလဲလာခဲ့သည်။ 

၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ခြင်းနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေး ယူမှုများကြောင့် ရုရှားက ကုန်သွယ်ရေးအတွက် တရုတ်အပေါ် ပိုမိုမှီခိုလာခဲ့ရသည်။ ယူကရိန်းစစ်ပွဲ စတင်ချိန်မှစ၍ တရုတ်သို့ စွမ်းအင်တင်ပို့မှု တိုးလာခဲ့သည်။ 

ရုရှားသည် အီလက်ထရွန်နစ်နှင့် မော်တော်ကားအစိတ်အပိုင်းများအတွက် တရုတ်ကို မှီခိုနေရပြီး တရုတ်မှ တင်သွင်းမှုသည် စစ်ပွဲမတိုင်မီက ၂၂ ရာခိုင်နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှု၏ ၃၇ရာခိုင်နှုန်း အထိ တိုးလာခဲ့သည်။ 

ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနှင့် မြောက်ကိုရီးယားတို့ ပိုမိုရင်းနှီးလာခဲ့သည်။ မြောက်ကိုရီးယားက ရုရှားသို့ အမြောက်ကျည်များနှင့် အခြားလက်နက်များ ထောက်ပံ့ပေးခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီအဆင့်တွင် တတိယအဆင့်ရှိသူ ကျောက်လီကျင်းသည် ဧပြီလတွင် ပြုံယမ်း၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံခဲ့သည်။

မြောက်ကိုရီးယားသည် တူးမန်းမြစ်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲများတွင် ပါဝင်ရန် သဘောတူဖွယ်ရှိ ကြောင်း တရုတ်နိုင်ငံ ရန်းမင်တက္ကသိုလ်မှ ဘဏ္ဍာရေးလေ့လာရေးဌာနဖြစ်သည့် ချုံယမ်အင်စတီကျုု့မှ အကြီးအကဲ ယမ်ဝေက ပြောကြားခဲ့သည်။

၂၀၂၃ခုနှစ်က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပသည့် အရှေ့ပိုင်းစီးပွားရေးဖိုရမ်တွင် တရုတ်သင်္ဘောများမြစ်အတွင်း သွားလာနိုင်ရေးကို ဝမ်က ထောက်ခံခဲ့သည်။

တရုတ်က တူးမန်းမြစ်အောက်ပိုင်းကို ချဲ့ထွင်ကာ ရုရှားနှင့် မြောက်ကိုရီးယားတို့၏ ခွင့်ပြုချက်ဖြင့် တံတားကို ဖြိုချရန် စီစဉ်နေသည်။ 

သင်္ဘောကြီးများကို ဖြတ်သန်းသွားလာခွင့်ပြုခြင်းသည် “တရုတ်ထောက်ပံ့ရေးပစ္စည်းများကို ပင်လယ်ရေ ကြောင်းဖြင့် စျေးသက်သာစွာ ပို့ဆောင်နိုင်ရေးအတွက် လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး ဂျပန်နှင့် တောင်ကိုရီးယားတို့အပါအဝင် အရှေ့မြောက်အာရှနှင့် စီးပွားရေးဖလှယ်မှုကို မြှင့်တင်နိုင်လိမ့်မည်” ဟု ဝမ်က ပြောကြားခဲ့သည်။ 

ယင်းအပြောင်းအလဲသည် ဒေသတွင်း လုံခြုံရေးကိုလည်း သိသိသာသာ ထိခိုက်စေနိုင်သည်။

ဂျပန်ပင်လယ်သို့ တိုက်ရိုက်သွားလာရန် မျှော်မှန်းထားသည့် တရုတ်သင်္ဘောကြီးများတွင် ကမ်းခြေစောင့် ကင်းလှည့်သင်္ဘောများ ပါဝင်ကြောင်းဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ရှိ ကူရှုးတက္ကသိုလ်မှ တရုတ်နိုင်ငံခြားရေး မူဝါဒသုတေသီ ပါမောက္ခ ချီဆာကို မာဆူအိုက ပြောကြားခဲ့သည်။ 

တရုတ်က သရောက်ယွီကျွန်းဟု အမည်ပေးထားပြီး ပိုင်ဆိုင်ကြောင်း တောင်းဆိုနေသည့် ဂျပန်အုပ်ချုပ် နေသည့် ဆန်ကာကူကျွန်းများအနီး ရေပြင်တွင် တရုတ်အစိုးရ စစ်သင်္ဘောများ ပိုမိုလှုပ်ရှားနေမှုကို ဂျပန်ကမ်းရိုးတန်းစောင့်တပ်က သတိဖြင့် စောင့်ကြည့်နေသည်။ 

သောကြာနေ့တွင် စက်သေနတ်များ တပ်ဆင်ထားသည့် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောလေးစင်း သည် တပြိုင်နက်တည်း ဂျပန်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ဂျပန်ပင်လယ်ပြင်မှာ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေ လှုပ်ရှားလာရင်၊ ဂျပန်က ဆန်ကာကူ ကျွန်းတွေနားက ရေပြင်ကို စောင့်ကြည့်နေတဲ့ ကမ်းခြေစောင့်သင်္ဘောတွေကို လမ်းကြောင်းပြောင်းဖို့ လိုလာလိမ့်မယ်” ဟု မာဆူအိုက ပြောကြားခဲ့သည်။ 

“အရှေ့တရုတ်ပင်လယ်မှာ စောင့်ကြည့်မှု အားနည်းသွားစေနိုင်ပါတယ်” ဟု သူမက ဆိုသည်။ 

ရှီနှင့် ပူတင်၏ ပူးတွဲထုတ်ပြန်ချက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ တိုးချဲ့လုပ်ဆောင်ရန်နှင့် ပင်လယ် ရေကြောင်းနှင့် လေကြောင်းကင်းလှည့်မှုများ ပြုလုပ်ရန် အစီအစဉ်များပါဝင်သည်။

တရုတ်နှင့် ရုရှားတပ်ဖွဲ့များသည် ဂျပန်ပင်လယ်တွင် ပူးတွဲရေကြောင်းနှင့် လေကြောင်း စစ်ရေး လေ့ကျင့် မှုများ ပြုလုပ်ခဲ့သည်။ တရုတ်၏ ဒုတိယရေတပ်ကဲ့သို့ဖြစ်နေသည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့သည် လည်း ယင်းဒေသတွင် ပိုမိုတည်ရှိလာနိုင်သည်။