တရုတ်က ပစိဖိတ်ဒေသအတွင်း ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ပြီး နိုင်ငံရေးဩဇာလွှမ်မိုးမှု ထူထောင်နေ

Mizzima:-

တရုတ်နိုင်ငံသည် ပစိဖိတ်ဒေသအတွင်း ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ပြီး ၎င်း၏ ဩဇာလွှမ်းမိုးမှု ထူထောင်ရန်ကြိုးပမ်းနေကြောင်း ပါလောင်နိုင်ငံက စွပ်စွဲထားသည်။ ပါလောင်နိုင်ငံသည် အကြီးစားဆိုက်ဘာတိုက်ခိုက်မှုကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ခဲ့ရပြီး အစိုးရမှတ်တမ်းမှတ်ရာများ ကျိုးပေါက်သွားခဲ့ကာ အမေရိကန် ရေဒါတပ်ဆင်ထားမှုများ၊ ဂျပန်ရေတပ် တပ်ဖွဲ့ဝင်စာရင်းနှင့် ပါလောင်နှင့် ထိုင်ဝမ်တို့အကြား သံတမန်ဆက်ဆံရေးဆိုင်ရာ အသေးစိတ်အချက်အလက်များ အပါအဝင် စာရွက်စာတမ်းပေါင်း ၂၀,၀၀၀ ကျော် ခိုးယူခံခဲ့ရကြောင်း ပါလောင်သမ္မတ ဆူရန်ဂျယ် ဝှစ် ဂျူနီယာက ၎င်း၏ ဂျပန်ခရီးစဉ်အတွင်း အတည်ပြု ပြောကြားခဲ့သည်။ 

ပါလောင်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် နှစ် ၂၀ သက်တမ်းရှိ စီးပွားရေးနှင့် လုံခြုံရေး သဘောတူစာချုပ် ချုပ်ဆိုပြီး မကြာမီ ယင်းကဲ့သို့တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်ကို တန်ပြန်ရန် အမေရိကန်၏ ကြိုးပမ်းမှုများတွင် ပါလောင်နိုင်ငံသည် ပိုမိုအရေးပါလာကြောင်း ထင်ရှားစေသည်။ 

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပါလောင်တာဝန်ရှိသူများက တရုတ်ကို ပြစ်တင်ရှုတ်ချကြသည်။ ပါလောင်နိုင်ငံသည် မဟာဗျူဟာကျသော နေရာတွင် တည်ရှိပြီး တရုတ်က ၎င်း၏ ပိုင်နက်အဖြစ် အငြင်းပွား တောင်းဆိုထားသည့် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်းကြောင့် တရုတ်အတွက် လွန်စွာ အရေးပါသော နိုင်ငံတခု ဖြစ်လာသည်။ တရုတ်သည် နော်ရူးကဲ့သို့ အခြား ပစိဖိတ်နိုင်ငံများကို ထိုင်ဝမ်နှင့် ဆက်ဆံရေး ဖြတ်တောက်ရန် စည်းရုံးလျက်ရှိသည်။ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကို ထိုင်ဝမ်က ရှုတ်ချခဲ့ပြီး အာဏာရှင်၏ စိမ့်ဝင်ထိုးဖောက်မှုအန္တရာယ်မှ ကာကွယ်ရန် ဒီဂျစ်တယ်ကာကွယ်ရေးစနစ်များ ခိုင်မာအားကောင်းလာစေရေး ပါလောင်နိုင်ငံကို ကူညီရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ 

သို့သော် အဆိုပါ စွပ်စွဲချက်များကို တရုတ်ဘက်က ငြင်းဆိုခဲ့ပြီး ပါလောင်အနေဖြင့် တရုတ်ကျူးလွန်သည်ဆိုသည့် သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိကြောင်း ကျွမ်းကျင်သူအချို့က ပြောကြားခဲ့သည်။ ယင်းချိုးဖောက်ဝင်ရောက်မှုမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်းနှင့် ငွေကြေးရလိုမှုသက်သက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Dragon Force ဟုခေါ်သည့် ပြန်ပေးသမားအဖွဲ့က ပြောကြားခဲ့သည်။ ပါလောင်နိုင်ငံကို ပိုမိုအထိနာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့က ခြိမ်းခြောက်ခဲ့သည်။ 

ယင်းဆိုက်ဘာတိုက်ခိုက်မှုကို တရုတ်က ကြိုးကိုင်ခဲ့ပြီး ထိုင်ဝမ်နှင့်ဆက်ဆံရေးနှင့်ပတ်သက်၍ ပါလောင်နိုင်ငံကို ဖိအားပေးရန် နိုင်ငံရေးအရလှုံဆော်သည့် ကြိုးပမ်းမှုဖြစ်သည်ဟု ပါလောင်ခေါင်းဆောင်များက ယူဆထားကြသည်။ Dragon Force အဖွဲ့က ပြန်ပေးငွေ တောင်းခံခဲ့ခြင်း မရှိသည့်အတွက် ယင်းဆိုက်ဘာတိုက်ခိုက်မှုသည် နိုင်ငံရေးသာဖြစ်ကြောင်း ပါလောင်တာဝန်ရှိသူတဦးက ပြောကြားခဲ့သည်ဟု New York Times သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် ပြန်ပေးသမား ဟက်ကာအဖွဲ့ကို အသုံးပြုခြင်းအားဖြင့် တရုတ်သည် အမေရိကန်နှင့် သံတမန်ရေး ပဋိပက္ခဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချနိုင်ခဲ့ကြောင်း ပါလောင်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတင်းအချက်အလက် လုံခြုံရေးအရာရှိချုပ် ဂျေးအန်ဆန်က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် ပါလောင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း ပါလောင် အကြီးတန်းခေါင်းဆောင်တဦးက စွပ်စွဲထားသည်။ ဆူရန်ဂျယ် ဝှစ်က ၎င်းထံသို့ မိုက်ခရိုနီးရှားရှိ တရုတ်သံအမတ်က ဖုန်းခေါ်ပြီး သမ္မတအဖြစ် ရွေးချယ်ခံရပါက ထိုင်ဝမ်နှင့် ဆက်ဆံရေး ဖြတ်တောက်ရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုစဉ်က ဝှစ်မှာ သမ္မတလောင်းဖြစ်သည်။

တရုတ်သည် ငွေကြေးပေးအပ်မည့် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ပါလောင်နိုင်ငံက ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။ ပါလောင်အနေဖြင့် အမေရိကန်၊ ထိုင်ဝမ်တို့နှင့် ဆက်ဆံရေးဖြတ်တောက်လျှင် ဟိုတယ်အခန်းများအားလုံး ပြည့်နေစေရမည်ဖြစ်ကြောင်းနှင့် Call Center အတွက် နှစ်စဉ် ဒေါ်လာသန်း ၂၀ ထောက်ပံ့မည်ဖြစ်ကြောင်း ကမ်းလှမ်းချက် အပါအဝင် ငွေကြေးဖြင့် ကမ်းလှမ်းခဲ့သည်ဟု သမ္မတ ဝှစ်က အမေရိကန်လွှတ်တော်အမတ်တဦးထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။ 

ထို့ပြင် တရုတ်သည် ပါလောင်နိုင်ငံတွင် ဩဇာလွှမ်းမိုးမှု ထူထောင်ရန် ငွေကြေးကမ်းလှမ်းမှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ရုံသာမက ဒေသခံ လူ့မလိုင်များနှင့် မီဒီယာများကို သိမ်းသွင်းရန် နိုင်ငံရေးဖိအားနှင့် ငွေကြေးကို အသုံးပြုလျက်ရှိသည်။ ထူးခြားချက်အနေဖြင့် ဖြစ်စဉ်တခုတွင် ပါလောင်၌ ပထမဆုံးသတင်းစာကို ထူထောင်ခဲ့သည့် ပါလောင်နိုင်ငံသား သတင်းထောက် မော့ဆက်အူလူဒေါင် ပါဝင်ပတ်သက်နေသည်။ အူလူဒေါင်သည် တရုတ်တွင် ပါလောင်နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရန် ရည်ရွယ်သည့် မီဒီယာအဖွဲ့သစ်တခုကို ထူထောင်ရန် ၂၀၁၈ ခုနှစ်တွင် စာချုပ်တခု ချုပ်ဆိုခဲ့သည်။ သို့သော် အဆိုပါအစီအစဉ်ကို တရုတ်ရဲတပ်ဖွဲ့၊ စစ်တပ်တို့နှင့် အဆက်အသွယ်ရှိသည့် ရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံ ပေးထားခြင်းဖြစ်သည်။ 

တရုတ်သည် ဆိုက်ဘာတိုက်ခိုက်မှုကို ငြင်းဆိုထားသော်လည်း အဆိုပါဖြစ်စဉ်သည် ပစိဖိတ်ဒေသအတွင်း ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှု မြင့်တက်လာခြင်းကို ထင်ဟပ်စေသည်။ အမေရိကန်နိုင်ငံအတွက် ပါလောင်နိုင်ငံ၏ မဟာဗျူဟာအရ အရေးပါမှုနှင့် ၎င်း၏ ထိုင်ဝမ်နှင့် ဆက်ဆံရေးများကြောင့် အမေရိကန်နှင့် တရုတ်တို့အကြား ဩဇာလွှမ်းမိုးမှု အပြိုင်အဆိုင်ထူထောင်သည့်နေရာ ဖြစ်လာခဲ့သည်။ တရုတ်ထံမှ အာဏာရှင်စနစ်လွှမ်းမိုးမှုကို ကာကွယ်ရန် နှင့် ဒေသတွင်းရှိ ဒီမိုကရေစီစံတန်ဖိုးများကို ကာကွယ်ရန် ဆိုက်ဘာလုံခြုံရေးနှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါဖြစ်စဉ်က မီးမောင်းထိုးပြလျက်ရှိသည်။