အမျိုးသမီးများအပါအဝင် ရွာငံဒေသခံ ၁‌၃ဦးကို စစ်ကောင်စီဖမ်းပြီး စစ်ကြောရေးသို့ပို့

ပုံအညွှန်း​။ ​ ။ ၂၀၂၁ခုနှစ်တွင် စစ်အာဏာရှင်ပြုတ်ကျရေး ရွာငံမြို့တွင် ဆန္ဒပြခဲ့သည့်မြင်ကွင်း(ပုံဟောင်း)
ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့တွင် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၃ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးသို့ပို့ဆောင်လိုက်ကြောင်း
ဒေသခံများနှင့် ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YNPDF) ထံမှ သိရသည်။

ရွာငံမြို့ စျေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖိုးလခုံနှင့်ပျူစောထီးခေါင်းဆောင်ဆိုသူဖိုးလုံးတို့၏ တိုင်ကြားချက်ကြောင့် အမျိုးသမီးကိုးဦးနှင့် အမျိုးသား ခြောက်ဦး စုစုပေါင်း ၁၅ဦးကို ဇွန်လ ၁၇ရက်၊၁၈၊ ၁၉ရက်နေ့တို့တွင်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမကိုပြောသည်။

ဖမ်းဆီးခံရသူများအနက် အမျိုးသမီးနှစ်ဦးကို ဇွန် ၁၉တွင် ပြန်လွတ်ပေးခဲ့သော်လည်း ကျန် ၁၃ဦးသည် တောင်ကြီးမြို့ရှိအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောရေးစခန်း၌ စစ်ဆေးခံနေရကြောင်း YNPDFထံမှသိရသည်။

“အမျိုးသမီးတွေက ၃၅၊ ၃၆ အရွယ်တွေပါ။အမျိုးသားက ၂၀ကျော်အရွယ်တွေလဲပါတယ် ။၃၆အရွယ်တွေလဲပါတယ်။သူတို့က PDF ထောက်ပို့မဟုတ်ပါဘူး။စွပ်စွဲခံထားရတာပါ” ဟုYNPDF တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဖမ်းဆီးခံထားရသူများနှင့် ယနေ့(ဇွန်လ ၂၁ရက်)အထိအဆက်အသွယ်မရသဖြင့် မိသားစုဝင်များကစိုးရိမ်နေကြကြောင်း သိရသည်။

ယခုသတင်းနှင့်ပတ်သက်၍ မေးမြန်းရန် စစ်ကောင်စီလက်အောက်ခံ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပေ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံနှင့်ပင်းတယမြို့နယ်တို့ပါဝင်ပြီး ပြီးခဲ့သည့် မေလနှင့်ဇွန်လအတွင်း ‌ဒေသတွင်း၌ စစ်ကောင်စီစစ်ကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

စာတည်း – အေးချမ်း