နိုင်ငံရေးတည်ငြိမ်မှုမရှိသရွှေ့ မြန်မာစစ်ဘေးရှောင်များကို နေရပ်ပြန်မပို့ ဟု မီဇိုရမ်ဝန်ကြီးချုပ် ပြော

ပုံအညွှန်း - မီဇိုရမ်ပြည်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်း \ ဓါတ်ပုံ - အောလ်အိန္ဒိယရေဒီယို

ပုံအညွှန်း – မီဇိုရမ်ပြည်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်း \ ဓါတ်ပုံ – အောလ်အိန္ဒိယရေဒီယို

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေကြသည့် မြန်မာ စစ်ဘေးရှောင်များကို နိုင်ငံရေးတည်ငြိမ်မှုမရှိသရွှေ့ နေရပ်သို့ ပြန်လည် ပို့ဆောင်မည်မဟုတ်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောဆိုကြောင်း အောလ်အိန္ဒိယရေဒီယိုမှ ယနေ့ (ဇွန်လ ၂၄ရက်)တွင် ထုတ်လွှင့်သည်။

ထိုကိစ္စကို ဗဟို အစိုးရ ပြည်ထဲရေးဝန်ကြီး အမစ်ရှားကလည်း ကတိပေးထားပြီး အိန္ဒိယဗဟိုအစိုးရ၏ ညွှန်ကြားချက်အရ မြန်မာစစ်ဘေးရှောင်များကို ဇီဝအချက်အလက်များ ကောက်ယူရန်အဆင်သင့်ဖြစ်နေပြီဟု ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

“ဒီကတိစကားကို အရင်အစိုးရဝန်ကြီးချုပ်ကလည်း တွေ့ဆုံပြောကြားခဲ့ပြီး လက်ရှိ ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေးလွှတ်တော်အမတ်ကလည်း လာရောက်တွေ့ဆုံပြီး ကတိစကားကိုထပ်ပြောခဲ့ပြီးဖြစ်ပါတယ် ။ ဇီဝအချက်အလက်ကောက်ယူမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါမယ်” ဟု မြန်မာလွှတ်တော်ကိုယ်စား အမျိုးသမီးတဦး က မဇ္စျိမ ကိုပြောသည်။

အစိုးရတိုင်းတွင် အခက်အခဲမျိုးစုံဖြေရှင်းနေကြရသည့်အတွက် မြန်မာစစ်ဘေးရှောင်များက စဥ်းစားနာလည်ပေးပြီး ပူးပေါင်းဆောင်ရွက်ပေးသည်မှာ အကောင်းဆုံးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောသည်။

အိန္ဒိယနိုင်ငံက မြန်မာစစ်ဘေးရှောင်များကို ဇီဝမှတ်တမ်း ကောက်ယူမည်ဟု အိန္ဒိယအစိုးရက စတင်အသိပေးချိန်တွင် အချက်အလက်များ မည်သည့် အသုံးချမည်ဆိုသည့်နှင့် တရားမဝင်ရွှေ့ပြောင်းလာသူများဟု မှတ်တမ်းဝင်မည်စိုး၍ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံသား အများစုက ကန့်ကွက်ခဲ့ကြသည်။ လက်ရှိတွင်မူ ကတိစကားကြောင့် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။​

အိန္ဒိယ နိုင်ငံအနေဖြင့် လုံခြုံရေး ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်သွယ်မှု ထိန်းချုပ်နိုင်ရေးများအတွက် နိုင်ငံအတွင်းဝင်ရောက်လာသူများကို ဇီဝမှတ်တမ်းများ ကောက်ယူရန်လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထားခဲ့သည်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာန စာရင်းများအရ မြန်မာစစ်ဘေးရှောင်ဦးရေ ၃၃,၈၃၅ ရှိပြီး ၎င်းအထဲတွင် အမျိုးသား ၁၀,၁၄၁ ၊ အမျိုးသမီး ၁၀,၇၉၃ နှင့် ကလေး ၁၂,၉၀၁ဦး တို့ဖြစ်ကြောင်း အောလ်အိန္ဒိယရေဒီယို လွှင့်ထုတ်ချက်အရသိသည်။ ၎င်းတို့အနက် ၁၀၅၅၂ဦးမှာ စစ်ဘေးရှောင်စခန်း ၁၁၁ ခုတွင်နေထိုင်ကြပြီး ကျန်သူများမှာ ဆွေမျိုးနီးစပ် သူများနှင့် ရပ်ကွက်ကျေးရွာများအတွင် အိမ်ငှားဖြင့်နေထိုင်ကြသည် ဟု ဆိုသည်။

မြန်မာစစ်ဘေးရှောင်များ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူခဲ့ပြီး သက်သေခံ အထောက်ထားလက်မှတ်များ ထုတ်ပေးပြီးဖြစ်သော်လည်း ပြည်နယ်အတွင်း ဝင်ထွက်သွားလာမှုများရှိနေသဖြင့် ပြည့်စုံတိကျသော စာရင်းမရနိုင်သေးကြောင်း ပြည်နယ်ပြည်ထဲရေးဝန်ကြီးပြောဆိုချက်ကို ကိုးကားပြီး အောလ်အိန္ဒိယရေဒီယိုထုတ်လွှင့်ခဲ့သည်။

၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပြည်သူမှ ရွေးချယ်သောအစိုးရနေရာကို စစ်ကောင်စီမှအာဏာလုယူခဲ့ပြီး အကြမ်းဖက်နှိပ်ကွပ်သဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မီဇိုရမ်ပြည်နယ်အတွင်းသို့ မြန်မာနိုင်ငံသားများဝင်ရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု ထုတ်လွှင့်ချက်တွင်ပါရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး