မန္တလေး-မိုးကုတ်၊ မန္တလေး-မြစ်ကြီးနားလမ်း သွားလာချိန် ပြင်ဦးလွင်ပကဖကန့်သတ်

ရွှေနွယ်

(မဇ္ဈိမ)။ ။မန္တလေး−မိုးကုတ်လမ်းပိုင်းနှင့် မန္တလေး−မြစ်ကြီးနားလမ်းပိုင်းအား ယနေ့ (ဇွန်လ ၂၅ ရက်)မှစ၍ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်းအသုံးမပြုရန်နှင့် စစ်ကောင်စီယာဉ်များဖြင့် အနီးကပ်သွားလာခြင်းမပြုရန် ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။

သတ်မှတ်ချိန်အတွင်းခရီးသွားလာပါက ကားများမှန်ချမောင်းနှင်ရန်၊လမ်းခရီးတွင် တိုက်ပွဲဖြစ်ပွားသံကြားပါက ယာဉ်များရပ်နားထားရန်နှင့်ထုတ်ပြန်ချက်များအား မလိုက်နာပါကဖြစ်ပေါ်လာသည့် အကျိုးဆက်များကို တာဝန်ယူဖြေရှင်းပေးသွားမည်မဟုတ်ဟု သတိပေးထားသည်။

ယနေ့နံနက်မှစတင်၍ မန္တ‌လေးတိုင်း မိုးကုတ်နှင့် မတ္တရာမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲများဖြစ်ပွားနေစဉ် လမ်းအသုံးပြုခွင့်ကို သတိပေးခြင်းဖြစ်သည်။ပြန်လည်ဖြတ်သန်းသွားလာနိုင်မည့်အချိန်ကိုလည်း ထပ်မံထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။

နောင်ချိုမြို့နယ်အတွင်း ပြင်ဦးလွင်−နောင်ချိုလမ်းပိုင်းပေါ်ရှိ ကျောက်ကြမ်းကျေးရွာတွင် ယနေ့ နံနက် ၅ နာရီ ၃၀ ခန့်မှစတင်၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းမှ တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယနေ့နံနက်သတင်းထုတ်ပြန်သည်။

ပြင်ဦးလွင်နှင့် နောင်ချိုမြို့ အကြားရှိ အုမ္မတီးနှင့် ဆမ္မဆယ်ကျေးရွာတို့ဘက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည်။ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းတွင် ယနေ့ နံနက် ၅ နာရီ ၃၀ ခန့်နှင့် မိုးကုတ်မြို့နယ် ပန်းဆပေရွာဘက်တွင် ယနေ့နံနက် ၉ နာရီ ၄၁ မိနစ်ခန့်တို့က တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA )ကထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ကြား သဘောတူညီထားသည့် ဟိုင်ဂင်စာချုပ်အရ ရှမ်းမြောက်အပစ်အခတ်ရပ်စဲမှု လေးလကျော်ကြာပြီးနောက် ယနေ့တွင် ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ ယနေ့စတင်သော တိုက်ပွဲများသည် ၁၀၂၇ စစ်ဆင်ရေး၏ အဆက်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တရားဝင်ထုတ်ပြန်ထားသည်။

လတ်တလောတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး – လားရှိုးပြည်ထောင်စုလမ်းတွင်လည်း ခရီးသွားကားများ ပိတ်ဆို့နေသည်။

စာတည်း – အေးချမ်း