မင်းတပ်တွင် စစ်ကောင်စီက ညအချိန်လေကြောင်းတိုက်ခိုက်မှုများ၍ ဒေသခံများ တောင်ယာများတွင်သာ ညအိပ်ရဟုဆို

ပုံအညွှန်း။ ။ ဧပြီလ ၁ရက်နေ့ည၁၂နာရီအချိန်တွင် မင်းတပ်မြို့နယ် တိုက်နယ်(၂)ကို စစ်တပ်မှဗုံးကြဲတိုက်သည့်မြင်ကွင်း/ ဓာတ်ပုံ။ ​။ HKL mindat

ပုံအညွှန်း။ ။ ဧပြီလ ၁ရက်နေ့ည၁၂နာရီအချိန်တွင် မင်းတပ်မြို့နယ် တိုက်နယ်(၂)ကို စစ်တပ်မှဗုံးကြဲတိုက်သည့်မြင်ကွင်း/ ဓာတ်ပုံ။ ​။ HKL mindat

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂ ) နှင့် (၃) ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ညအချိန်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်၍ ဒေသခံများသည် တောင်ယာများနှင့် တောင်ယာများတွင်တူးထားသည့် ဗုံးခိုကျင်းများတွင်သာ ညအိပ်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် ည ၈ နာရီတွင် မင်းတပ်မြို့နယ်၊ တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ပြီးနောက်ပိုင်း ကျေးရွာတွင်းရှိ အိမ်များတွင် ညမအိပ်ရဲတော့ကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ဆီမှ လေကြောင်းတိုက်ခိုက်ရင် ညဘက်အချိန်တွေမှာ ဗုံးလာကြဲတာများတယ်။ ညဘက် လူအိပ်ချိန်တွင်မှာ တိုက်ခိုက်တာများလာတော့ ရွာသားတွေက အိမ်ထဲမှာ မအိပ်ရဲကြတော့ဘူး။ “ဟု မင်းတပ်ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ယမန်နေ့ မေလ ၃၁ ရက် နံနက် ၁ နာရီ အချိန်တွင် မင်းတပ်မြို့နယ် တိုက်နယ်(၂)ရှိ ချပ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့ရာ ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တာဝန်ရှိသူတဦးထံက သိရသည်။

“မနေ့က မနက်အစောပိုင်းမှာ ဗုံးကြဲသွားတာ။ အသံကလည်း အကျယ်ကြီးပဲ ကြားရတယ်။ နေအိမ်အချို့ပျက်စီးသွားတယ်။ အိမ်မွေးတိရိစ္ဆာန် ဝက်တွေသေတယ်။ ကြက်၁၆ကောင်သေတယ်။ “ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ချပ်ကျေးရွာကို စစ်ကောင်စီ၏ တံတားဦး လေတပ်မှ ရဟတ်ယာဥ် နှစ်စီးဖြင့် ဗုံးသီးလေးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသော ဒေသခံခြောက်ဦးမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းတာဝန်ရှိသူထံက သိရသည်။

ယမန်နေ့ ညနေ ၅နာရီ ၅၀မိနစ်နှင့် ၅နာရီ ၅၇မိနစ်တွင်လည်း မင်းတပ်မြို့နှင့်အနီးဆုံးဖြစ်သည့် တိုက်နယ်(၃) ရှိ ဟန်းဘုံရွာကို တံတားဦးရှိ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့် ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတို့ တကြိမ်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ လူနေအိမ်များထိခိုက်ပျက်စီးမှုမရှိကြောင်း ဒေသခံများထံက သိရသည်။

ဧပြီလ ၂၅ရက်နေ့ ည၈နာရီအချိန်တွင် မင်းတပ်မြို့နယ်၊တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံအား ဂျက်ဖိုက်တာလေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိသည့်အရပ်သား ငါးဦးသေးဆုံးပြီး ၃၀ဦးဒဏ်ရာရရှိကာ ဆေးရုံနှင့် ဆေးရုံသုံးပစ္စည်းများ မီးလောင်ပျက်စီးသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလနှင် မေလ ၂ရက်နေ့တွင် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၃၆ကြိမ်ပြုလုပ်ခဲ့ပြီး ဘုရားကျောင်း၊ စာသင်ကျောင်း နှင့် လူနေအိမ်များအပါအဝင် အဆောက်အဦး ၃၀နီးပါးပျက်စီးသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်(မင်းတပ်)က ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး