တရုတ်၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ယုံတမ်းစကား

Dialy Mirror Online:-

တရုတ်ကွန်မြူနစ်ပါတီ(CCP)သည် အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်မှု မှန်ကန်ကြောင်း သက်သေပြလိုသောကြောင့် ပြည်သူပေါင်း သန်း ၈၀၀ ကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည်ဟု ကြွားဝါနေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် အချက်အလက်များကို သေချာလေ့လာကြည့်မည်ဆိုလျှင် အဆိုပါကြွားလုံးများမှာ ယုံတမ်းစကားများသာဖြစ်ကြောင်း သိသာသည်။ လက်တွေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုများကြောင့် နိုင်ငံတွင်းရှိ ပြည်သူအများအပြားကို ဆယ်စုနှစ်များစွာ ဆင်းရဲတွင်း နက်စေခဲ့သည်။

ဆန်စပါးစိုက်ပျိုးရေးကို ကွန်မြူနစ်ပါတီက ပြည်သူပိုင်သိမ်းပြီးနောက် ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် တရုတ်ငတ်မွတ်ခေါင်းပါးမှုကပ်ဘေးအတွင်း အဆိုပါဖြစ်ရပ်ကို နာကျင်ဖွယ် အထင်အရှား မြင်တွေ့ခဲ့ရသည်။ ယင်းငတ်မွတ်ခေါင်းပါးမှုဘေး‌ကြောင့် လူပေါင်း သန်း ၃၀ အထိ အသက်ဆုံးရှုံးခဲ့ရပြီး အမှန်တကယ်တွင် ထို့ထက်ပိုများနိုင်သည်။ ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် တိန်ရှောက်ဖိန့်က ၁၉၇၈ ခုနှစ်တွင် တံခါးဖွင့် စီးပွားရေးစနစ် စတင်ကျင့်သုံးချိန်ရောက်မှသာ လူနေမှုအဆင့်အတန်း စတင်မြင့်တက်လာခြင်း ဖြစ်သည်။ သို့သော် တိုးတက်မှုမှာ နှေးကွေးခဲ့သည်။ တရုတ်သည် ၁၉၀၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံက ရရှိနေသည့် တဦးချင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP)ကို ရာစုနှစ် တခုကျော်အကြာ ၂၀၁၀ ပြည့်နှစ်အထိ လိုက်မီခြင်း မရှိသေးပေ။

မျက်မှောက်ကာလ၌ တရုတ်၏ တဦးချင်းဂျီဒီပီသည် ဒေါ်လာ ၁၃,၁၀၀ ဖြင့် ကမ္ဘာ့အဆင့် (၇၄) တွင် ရှိနေပြီး အမေရိကန်၏ တဦးချင်းဂျီဒီပီ ၈၅,၀၀၀ ထက် များစွာလျော့နည်းလျက်ရှိကာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် မက္ကဆီကိုနှင့် မလေးရှားနိုင်ငံတို့ထက်ပင် လျော့နည်းနေခြင်းဖြစ်သည်။ ဆင်းရဲမွဲတေမှုနှုန်းမှာ ၀ ဒသမ ၀၄ ရာခိုင်နှုန်းသာ ရှိသည်ဟု တရုတ်ကွန်မြူနစ်ပါတီက ပြောဆိုထားသော်လည်း ယင်းသည် တနှစ်ဝင်ငွေ ဒေါ်လာ ၃၄၀ ဝန်းကျင်ဖြင့် အလွန်နိမ့်ပါးသော ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက်ကို အသုံးပြုထားခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ စံသတ်မှတ်ချက်ဖြစ်သော တရက်ဝင်ငွေ ၁ ဒသမ ၉၀ ဒေါ်လာအောက် များစွာလျော့နည်းသည်။

တရုတ်နိုင်ငံတွင် မြို့ပြနှင့် ကျေးလက်နေ ပြည်သူများအကြား ဝင်ငွေကွာဟမှုလည်း မြင့်မားသည်။ မြို့နေလူထုသည် ပျမ်းမျှ ဝင်ငွေ ၈၀ ရာခိုင်နှုန်း မြင့်မားကြပြီး ကျေးလက်နေပြည်သူအများစုမှာ အပူပေးစနစ်၊ လေအေးပေးစက်နှင့် ဘိုထိုင်အိမ်သာကဲ့သို့ အခြေခံလိုအပ်ချက်များ ပြည့်စုံခြင်း မရှိသေးပေ။ ထို့ကြောင့် ကျေးလက်ဒေသမှ ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာသည် မြို့ပြများတွင် အလုပ်အကိုင် ရှာဖွေလာကြသော်လည်း တောနေ/မြို့နေ ခွဲခြားသည့် မှတ်ပုံတင်စနစ်ကြောင့် ခွဲခြားဆက်ဆံခံရခြင်းနှင့် ဝိုင်းပယ်ခံရခြင်းတို့ ကြုံတွေ့နေကြရသည်။ အဆိုပါ အလုပ်သမားများသည် လက်ရှိစီးပွားရေးကျဆင်းမှုကဲ့သို့ အခြေအနေမျိုးတွင် အရင်ဆုံး ထိခိုက်ခံစားရသူများဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်ခြင်းများ မကြာခဏ ကြုံရလေ့ရှိသည်။

ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားရသူများတွင် တရုတ်နိုင်ငံရှိ သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။ တရုတ်ရှိ ပင်စင်လစာမှာ ပျမ်းမျှ တလလျှင် ၂၄ ဒေါ်လာခန့်သာရရှိပြီး ကျေးလက်နေ အငြိမ်းစားများနှင့် ရွှေ့ပြောင်း အငြိမ်းစားများသည် ထို့ထက်ပို၍ နည်းပါးစွာရရှိခြင်း သို့မဟုတ် လုံးဝမရရှိခြင်းမျိုးလည်း ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီ(CCP) အာဏာရရှိလာပြီး ဆယ်စုနှစ် ခုနှစ်ခုအကြာတွင် တရုတ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် ၁၉၆၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ ပိုင်ဆိုင်ခဲ့သည့် ကြွယ်ဝချမ်းသာမှုနှင့် အကြမ်းဖျင်း တူညီမှုရှိသည်။ ပြုပြင်ပြောင်းလဲမှုများကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ် ပြောင်းလဲသွားခဲ့သော်လည်း သန်းရာနှင့်ချီသော ပြည်သူများသည် ဆင်းရဲတွင်းနက်နေဆဲ ဖြစ်သည်။ ရွှေ့ပြောင်းနေထိုင်သူများနှင့် ကျေးလက်နေပြည်သူများ အပါအဝင် အဆင်းရဲဆုံး ပြည်သူများသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖြိုခွင်းမှုများ၊ အတင်းအကျပ်ဆောင်ရွက်မှုများနှင့် လွဲမှားသော စီးပွားရေး စီမံခန့်ခွဲမှုများ၏ဒဏ်ကို အရင်ဆုံး ခံကြရသူများ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီက မိမိကိုယ်ကို ကယ်တင်ရှင်အဖြစ် ပြောဆိုနေမှုများသည် အခြေအနေမှန်နှင့် လွန်စွာကွာခြားလျက်ရှိပြီး ပါတီ၏ ထိန်းချုပ်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို သိသိသာသာ အဟန့်အတား ဖြစ်စေကာ ဆင်းရဲမွဲတေမှုနှင့် ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်လာစေသည်။ ထိန်းချုပ်မှုများကို ဖြည်းဖြည်းချင်း လျှော့ချမှသာ ပြည်သူများအနေဖြင့် မိမိကိုယ်ကိုယ် တိုးတက်အောင် ဆောင်ရွက်လာနိုင်မည် ဖြစ်သည်။ ယနေ့အချိန်အထိ တရုတ်ကွန်မြူနစ်ပါတီသည် လူမှုရေး ထိန်းချုပ်မှု၊ မညီမျှမှုနှင့် လျစ်လျူရှုမှု တို့မှတဆင့် သန်းနှင့်ချီသော တရုတ်နိုင်ငံသားများ၏ တိုးတက်မှုကို ချုပ်ကိုင်ထားဆဲဖြစ်သည်။ မည်မျှပင် ဝါဒဖြန့်နေစေကာမူ အဆိုပါ ခါးသီးသည့် အမှန်တရားကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်နိုင်သည့်အတွက် အမှန်တကယ်ချီးကျူးထိုက်သူများမှာ တရုတ်ပြည်သူများသာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ မဟုတ်ပေ။

တရုတ်ကွန်မြူနစ်ပါတီ၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ပြောဆိုချက်များသည် အမှန်တကယ်ဆင်းရဲနွမ်းပါးမှုနှုန်းကို ဖုံးကွယ်ထားသည့် နိမ့်ကျသော စံသတ်မှတ်ချက်များအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။

သာမန်တရုတ်ပြည်သူတဦး၏ လူနေမှုအဆင့်အတန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူနေမှုအဆင့်အတန်းနှင့် နှိုင်းယှဉ်ပါက များစွာနိမ့်ကျနေခြင်းမှာ ပကတိ အမှန်တရားဖြစ်သည်။ တရုတ်နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသော်လည်း ၎င်း၏ အသီးအပွင့်များကို တန်းတူညီမျှခံစားခွင့် မရကြဘဲ ပြည်သူ အမြောက်အမြားသည် အခြေခံစားဝတ်နေရေး လိုအပ်ချက်များ၊ အရည်အသွေး ပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာရေးအခွင့်အလမ်းများကို လက်လှမ်းမီခြင်း မရှိသေးပေ။ တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒများသည် အထူးသဖြင့် မြို့ပြနှင့် ကျေးလက်နေ ပြည်သူများကြားနှင့် ရွှေ့ပြောင်းလုပ်သားများကြား ဝင်ငွေမညီမျှမှုကို ပိုမိုဆိုးရွားလာစေသည်။