008(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင်ဆိုသူနှစ်ဦး မိသားစုဝင်များ နှင့်အတူ လက်နက်များဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဗမာအမျိုးသားတော်လှန်ရေးတပ် မတော် (BNRA)ထံခိုလှုံလာသည်ဟု သိရသည်။
သီးလုံးကျေးရွာ ပျူစောထီးဆိုသူတို့၏အထိုင်စခန်းမှ အသက် ၁၇ နှစ်အရွယ် တဦးနှင့် အသက် ၂၀ အရွယ် တဦးတို့သည် ၎င်းတို့၏မိသားစုဝင် ၁၄ ဦးနှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်ဟု BNRA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
![](https://bur.mizzima.com/wp-content/uploads/2023/12/signal-2023-12-25-155531_002.jpg)
“စစ်ကောင်စီတပ်သားတွေရဲ့ အတင်းအကျပ်စေခိုင်းတာ၊ ရမ်းကားအနိုင်ကျင့်တာ၊ အလိုမတူပါဘဲ လက် နက်ကိုင် တိုက်ခိုက်စေတာတွေကြောင့် မိသားစုနဲ့အတူ အရဲစွန့် ထွက်ပြေးလာတာဖြစ်တယ်။ BNRA က ကြိုဆိုတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်” ဟု ခိုလှုံလာသူတဦးက ပြောသည်။
အလင်းဝင်လာသူ နှစ်ဦးထံမှ G-3 တလက်၊ ကျည် ၁၅၀ တောင့်၊ ကျည်ဘောက်အပိုနှစ်ခု၊ ကာဘိုင် တလက်၊ ကျည် ၈၂ တောင့်၊ ကျည်ဘောက်အပိုတခုတို့ကို BNRA တာဝန်ရှိသူကလက်ခံပြီး အလင်းဝင် လာသူနှစ်ဦးနှင့် မိသားစုဝင်များအား အသက်မွေးဝမ်းကြောင်းပြုရန် ကျပ်သိန်း ၁၀၀ ချီးမြှင့် ပေးအပ်ခဲ့ ကြောင်း BNRA က ဒီဇင်ဘာလ ၂၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
![](https://bur.mizzima.com/wp-content/uploads/2023/12/signal-2023-12-25-155537_002.jpg)
အဆိုပါ သီးလုံးကျေးရွာပျူစောထီးစခန်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ နှင့် ၂၇ ရက်တို့တွင် BNRA စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ