အီတလီနဲ့ ယူကရိန်း အဖွဲ့ချုပ်တို့ လေ့ကျင့်ရေးမိတ်ဖက်များအဖြစ် သဘောတူညီ

အီတလီနဲ့ ယူကရိန်းဘောလုံးအဖွဲ့ချုပ်တွေဟာ ယူကရိန်းလူငယ်ဘောလုံးသမားတွေနဲ့ နည်းပြတွေကို အီတလီမှာ လေ့ကျင့်သင်ကြားပေးဖို့အတွက် ပူးပေါင်းလုပ်ဆောင်ရေးကို အင်္ဂါနေ့မှာ သဘောတူညီခဲ့ကြပါတယ်။

ရုရှားနဲ့ ယူကရိန်းစစ်ပွဲကြောင့် အဟန့်အတားဖြစ်နေတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ အီတလီအဖွဲ့ချုပ် (FIGC) က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

FIGC ဥက္ကဋ္ဌ ဂါဘရီရယ် ဂရာဗီနာက “ပူးပေါင်းဆောင်ရွက်မှုက ယူကရိန်းဘောလုံးလောကရဲ့ အနာဂတ်ကို အာမခံချက်ပေးပါလိမ့်မယ်။”လို့ ပြောပါတယ်။

အေစီမီလန်တိုက်စစ်မှူးဟောင်း အန်ဒရေ ရှက်ချန်ကို ဦးဆောင်တဲ့ ယူကရိန်းအဖွဲ့ချုပ် (UAF) ဟာ ဖလော်ရင့်စ်ရှိ ကာဗာစီယာနိုစင်တာအပါအဝင် အီတလီရှိ လေ့ကျင့်ရေးစင်တာတွေဆီ ကစားသမားတွေနဲ့ နည်းပြတွေကို စေလွှတ်မှာဖြစ်ပါတယ်။

“အီတလီဟာ ကျနော့်ရဲ့ ဒုတိယအိမ်လို အမြဲတမ်း ခံစားခဲ့ရပြီး ကျနော်မှာ မေ့မရနိုင်တဲ့ အမှတ်တရတွေ အများကြီးရှိတယ်”လို့ ရှက်ချန်ကိုက ဆိုပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှု နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဟာ ဒီလနှောင်းပိုင်းမှာ ကျရောက်လာနေပါတယ်။

ကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမှာ အရပ်သား ၁၀,၃၈၂ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြီးခဲ့တဲ့လက ပြောကြားခဲ့ပေမယ့် အမှန်တကယ် အရေအတွက်မှာ ပိုမိုများပြားဖွယ်ရှိပါတယ်။