၃ နှစ်တာ မြန်မာ့နွေဦးတော်လှန်ရေး၏ အောင်မြင်မှုနှင့် ပြင်ဆင်ရမည့် ဟာကွက်များ

ပုံဟောင်း

ဒေါက်တာ စိုင်းလတ်

ဖေဖော်ဝါရီလ ၂၀၂၄ သည် မြန့်မာနွေဦးတော်လှန်ရေး သုံးနှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ထံမှ တိုင်းပြည်အာဏာကို ဗိုလ်ချုပ်တစုက စစ်တပ်အင်အားအလွဲသုံးစားပြုကာ အဓမ္မ သိမ်းယူခဲ့သည့် နှစ်ပတ်လည်ဖြစ်သည်။

NLD ပါတီထံမှချည်းမဟုတ်၊ ဘဝတွင် ပထမဆုံးအကြိမ် မဲပေးဖူးသောလူငယ်လူရွယ်များ၏ ဆန္ဒမဲ များကို တန် ဖိုးဖျက် ဥပေက္ခာပြုကာ အာဏာလုယူခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာစစ်တပ်၏အာဏာသိမ်းမှုသည် မဟာအမှားဖြစ်သည်။ အာဏာသိမ်းမှုကို လက်မခံသည့် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြသော ကျောင်းသားလူငယ်များအား အကြမ်းဖက်ဖြိုခွင်းခြင်းသည် နောက်ထပ်အမှားတခုဖြစ်သည်။

ထိုအမှားများသည် လူငယ်ထောင်ပေါင်းများစွာကို လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ဆီ တွန်းပို့ခဲ့ သည်။

ရှေ့တန်းမှအောင်မြင်မှုများ

အာဏာသိမ်းဆန့်ကျင်ရေး သုံးနှစ်အတွင်း လန်းဆန်းတက်ကြွသော၊ စိတ်အားထက်သန်သော၊ စွမ်း ဆောင်ရည်ကောင်းသော လူငယ်များသည် ပိုမိုစုစည်း၊ ပိုမိုအားကောင်းလာကြသည်။ လူမျိုးစုတော် လှန်ရေးအဖွဲ့အစည်းများနှင့်အတူ စစ်တပ်ကို စိန်ခေါ်တိုက်ခိုက်လာနိုင်ခဲ့သည်။​

လက်နက်ကိုင်တိုက်ပွဲ အတွေ့အကြုံလုံးဝမရှိသည့် ကျောင်းသား၊ အနုပညာရှင်၊ လယ်သမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ နည်းပညာရှင်၊ ရှေ့နေ၊ အလုပ်သမားစသည်တို့သည် ရှေ့တန်းတပ်စခန်းများ သာမက မြို့များကိုတိုက်ခိုက်သိမ်းပိုက်နိုင်သည့် တော်လှန်ရေးဦးစီးသူများ၊ ခေါင်းဆောင်များ၊ လက် ဖြောင့်တပ်သားများ၊ မောင်းသူမဲ့လေယာဥ် တည်ဆောက်သူများ၊ လက်နက်ထုတ်လုပ်သူများ၊ စိတ်အားထက်သန်သည့် တပ်သားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထို့အတူ ယခင်အင်အားကြီးထွားခဲ့သည့် မြန်မာစစ်တပ်ကို ရှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေး ၁၀၂၇ က အမြစ်မှ ကိုင်လှုပ်ခဲ့သည်။ ၂၀၂၃ နှစ်ကုန်တွင် တော်လှန်ရေးအင်အားစုများသည် နိုင်ငံတစ်ဝန်းရှိ စစ်တပ် စခန်း ၃၀၀ ကျော်နှင့် မြို့ပေါင်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

နိုင်ငံရေးအောင်မြင်မှုများ

နိုင်ငံရေး မျက်နှာစာတွင်လည်း ယခင်က မမျှော်မှန်းဖူးသည့် အောင်မြင်မှုများ ရရှိလာသည်။

ဥပမာအချို့မှာ မတူညီသော တော်လှန်ရေးအင်အားစုများအကြား နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် များတွင် ချိတ်ဆက်ဆောင်ရွက်လာနိုင်ခြင်း၊ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးကို အမြစ်ဖြတ်ရေးဆိုသည့် ဘုံသဘောထားတူညီမှုရရှိလာခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန် (မူအားဖြင့်) ဘုံသဘော ထားရရှိခြင်း၊ အစိုးရအပြောင်းအလဲထက် စနစ်တခုလုံး အပြောင်းအလဲကို ဦးတည်ခြင်း၊ စစ်စည်းကမ်းနည်းဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း ပိုမိုနားလည်လာခြင်းတို့ ပါဝင်သည်။

တရားမျှတမှုဖော်ဆောင်ရာတွင် လူမျိုးစု၊ ဘာသာ၊ လိင်စိတ်ခံယူမှု၊ လူတန်းစား၊ ခန္ဓာကိုယ်သန်စွမ်းမှု မတူညီခြင်းကဲ့သို့သော ဖြစ်တည်မှုများကို ထည့်သွင်းစဥ်းစားလာသည်။ တော်လှန်ရေးအောင်မြင်ရန် အတွက် ထိုမတူညီသူများ၏ပါဝင်မှုကို အသိအမှတ်ပြုလာသည်မှာလည်း တိုးတက်မှုများအနက် တခု ဖြစ်သည်။

သို့သော် အာဏာရှင်အစိုးရတခုကို နောက်ထပ်အာဏာရှင်ဖြင့် အစားထိုးခြင်းမျိုးမဟုတ်ဘဲ စနစ်တခု လုံးကို အမှန်တကယ်ပြောင်းလဲရန်၊ တိုင်းပြည်၏ အနာဂတ်သစ်ကို အမှန်တကယ်ဖော်ဆောင်နိုင် သည့် တော်လှန်ရေးဖြစ်လာစေရန်အတွက်မူ ဟာကွက်များရှိနေသေးသည်ကို တွေ့ရှိရသည်။

ထိုဟာကွက်များကို လျစ်လျူရှုထား၍မရပါ။ မဖြစ်မနေ ပြင်ဆင်ပြုပြင်ပါမှ တော်လှန်ရေးတွင်းနှင့် တော်လှန် ရေးအလွန်ကာလတွင် အာဏာရှင်စနစ်ထပ်ပေါ်လာမည့်အခင်းအကျင်းကို ကာကွယ်နိုင် မည်ဖြစ်သည်။ တိုင်းပြည်အနာဂတ်အသစ် ဖန်တီးနိုင်မည်ဖြစ်သည်။ ထိုဟာကွက်အချို့ကို ဥပမာ အနေဖြင့် ဆွေးနွေးတင်ပြပါမည်။

အိမ်နီးချင်း ဆက်ဆံရေး

တော်လှန်ရေးအင်အားစုများအတွက် ဒေသတွင်းနိုင်ငံများ၊ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ တို့နှင့် ဆက်ဆံရေးတွင် အကန့်အသတ်များစွာ ရှိနေသည်။

စစ်အစိုးရ၏ ခေတ်အဆက်ဆက် အမျိုးသားရေးမှိုင်းကြောင့်လည်းကောင်း၊ ထိုနိုင်ငံများ၏ စစ်အစိုးရ နှင့် ပနံသင့်မှုများကြောင့်လည်းကောင်း မြန်မာတော်လှန်ရေးအင်အားစုများသည် အိမ်နီးချင်းနိုင်ငံများ နှင့် ဆက်ဆံရန် တုံ့နှေးတတ်ကြသည်။

အိမ်နီးချင်းနိုင်ငံများသည် နေပြည်တော်အာဏာကိုင်ထားသူ မည်သူနှင့်မဆို ဆက်ဆံမည်ဖြစ်သည်။ သို့သော် သူတို့၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုရှိသည့်အတွက် တော်လှန်ရေးအင်အားစုများအနေဖြင့် ထိုနိုင်ငံများနှင့်ဆက်ဆံရေးကို လျစ်လျူရှု၍ မရပါ။ ယခင် ဆောင်းပါးများတွင် ထောက်ပြခဲ့သည့်အတိုင်း သူတို့ထံမှ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီထောက်ခံ ရေး မျှော်ကိုးရန် မဟုတ်၊ တော်လှန်ရေးအပေါ် အနုတ်သဘောသက်ရောက်မှု လျော့ပါးအောင် မိမိတို့ ဘက်မှ ကျွမ်းကျင် နိုင်ငံရေးသံတမန်ရေးဖြင့် ဆက်ဆံနိုင်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။

ထိုနိုင်ငံများ၏ ပြည်တွင်းနိုင်ငံရေးအခြေအနေများ၊ နိုင်ငံခြားရေးမူဝါဒ/ဓလေ့များနှင့် ၂၁ ရာစု နိုင်ငံ တကာအခင်းအကျင်းတွင် သူတို့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို နားလည်ထားပါက မြန်မာ့ တော်လှန်ရေးအင်အားစုများအနေဖြင့် ထိုနိုင်ငံများနှင့် ဆက်ဆံရာတွင် ပိုမိုထိရောက် အကျိုးရှိနိုင် မည်ဖြစ်သည်။

အစိုးရနှင့်ချည်းမဟုတ်၊ လူထုအဖွဲ့အစည်းများ၊ စီးပွားရေးအသိုက်အဝန်းများ၊ ပညာရှင်အသိုင်းအဝိုင်း များ၊ အများပြည်သူ နိုင်ငံသားများနှင့်လည်း ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် လိုအပ်သည်။ သူတို့သည် ကိုဗစ်ကပ်ရောဂါအပြီးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြည်တွင်း နိုင်ငံရေး ပြဿနာများနှင့် လုံးပန်း နေကြသည်။ ကိုယ့်ပြဿနာနှင့်ကိုယ် လှုပ်ရှားရုန်းကန်နေရသည့် ဒေသတွင်း လူထုအနေဖြင့် မြန်မာနိုင်ငံသားတို့ ခံစားနေရမှုများကို အလိုလိုသတိပြုမိကြမည် မဟုတ်ပါ။

သန်းပေါင်းများစွာသော အာရှဒေသတွင်းလူထုကို မိမိတို့ဘက်က တက်ကြွစွာ ချိတ်ဆက်နိုးဆော်နိုင် မှသာ မြန်မာပြည်အကြောင်း စိတ်ဝင်စားရန်၊ မြန်မာပြည်သူများကို စာနာရန်၊​ ထောက်ပံ့ရန်၊ သူတို့ အစိုးရကို နိုးဆော်ဖိအားပေးရန် သတိပြုလာမည်ဖြစ်သည်။

တော်လှန်ရေးအတွင်းမှ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

တိုက်ခိုက်ရေးတွင်ပါဝင်နေသော အင်အားစုများအမြင်တွင် အရပ်သား/အဖွဲ့များသည် စကားအပြော များပြီး အလုပ်မဖြစ်ဟုလည်းကောင်း၊ အစည်းအဝေးတွေများနေပြီး တော်လှန်ရေးခရီး မရောက်ဟု လည်းကောင်း မြင်ကြသည်။

“နိုင်ငံရေးသမား”များသည် လေဖြင့်ဩဇာလွှမ်းမိုးရန် ကြိုးစားနေသည်၊ လက်နက်ကိုင်တိုက်နေသူ များ၏ အမည်များကို အသုံးပြုပြီး ရန်ပုံငွေရှာကြသည်၊ တပ်သားများ၏ သွေးချွေးဖြင့် တိုက်ယူထား သော အောင်မြင်မှုများအတွက် အချောင် နာမည်ကောင်းလိုက်ယူလိုကြသည်ဟုလည်း ထင်မြင်ကြ သည်။

လက်နက်ကိုင်တပ်ဖွဲ့ဦးဆောင်သူအချို့သည် သုံးနှစ်တာကာလအတွင်း မိမိကိုယ်မိမိ ပို၍ယုံကြည်မှု ရှိလာပြီး စစ်သားဆန်လာသည်။ စကားပြောပြတ်သားကာ အလုပ်ကို မြန်မြန်ဆန်ဆန် ပြီးပြတ်အောင် လုပ်တတ်သည့် အကျင့်ရလာသည်။ ယခင် အရပ်ဘက်အဖွဲ့အစည်းလှုပ်ရှားသူများဖြစ်သော်လည်း သုံးနှစ်အတွင်း စစ်သားကြီးလို လုပ်ကိုင်လာသည်ဟု ဆိုရမည်။

အရပ်ဖက်ကတော့မူ နိုင်ငံရေးငြင်းခုံမှုများနှင့် နှစ်ပါးသွားမြဲဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အမြင် မှားသည်၊ မှန်သည် ဆိုတာထက် ပိုအရေးကြီးသည့်အချက်မှာ သူတို့၏အမြင်သည် အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်သည်ဆို သည့်အချက်ဖြစ်သည်။ ထို့ကြောင့် အရပ်ဘက်အဖွဲ့များ၏ မတူညီသောလုပ်ငန်းတာဝန်နှင့် အခန်း ကဏ္ဍကို လက်နက်ကိုင်အင်အားစုများ ရှင်းလင်းမှုရှိရန် အရေးကြီးသည်။

အလားတူ နိုင်ငံရေး/အရပ်ဘက်/အရပ်သား အဖွဲ့များအနေဖြင့်လည်း အပြောသာများပြီး အလုပ်မပြီး ဆိုသည့်အမြင်နှင့်ပတ်သက်၍ မိမိတို့၏ လုပ်နည်းလုပ်ဟန် နည်းစနစ်များကို ပြန်လည်သုံးသပ် သင့် သည်။

ထို့အတူ မြန်မာနွေဦးလှုပ်ရှားမှုတွင် လက်နက်ကိုင်တော်လှန်ရေးသည် ရှေ့စွန်းထွက်လာသည့် အတွက် လက်နက်ကိုင်အစုအဖွဲ့များ ပိုမိုသြဇာရှိလာသည်မှာ မဆန်းပေ။ သို့သော် လက်နက်ကိုင် တော်လှန်ရေးကို ရှောင်လွှဲမရသည့်အခြေအနေဟု ရှုမြင်သည့်တိုင် “မတော်တဆ စစ်ဝါဒ” အခင်း အကျင်းဖြစ်မသွားရလေအောင် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှု၏ ဘောင်သတ်မှတ်ချက်လို အပ်သည်။ နိုင်ငံရေးနှင့်စစ်ရေး ဘက်မျှရန်လိုအပ်သည်။ (စကားချပ် – ၂၀၂၂ နှောင်းပိုင်းမှအစ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့၏ အရပ်သားများအပေါ် ချိုးဖောက်မှုသတင်းများ ခပ်စိပ်စိပ် ကြားရသည်။ မြန်မာစစ်တပ်ကဲ့သို့ တိုင်းပြည်အရေးအကြောင်းပြကာ လက်နက်အားကိုးပြီး ပြည်သူ ကို ဖိနှိပ်သည့်အဖွဲ့များဖြစ်မသွားစေရေးအတွက် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အရပ်သား ကာကွယ်ရေးအပါအဝင် စစ်စည်းကမ်းများကို အထူးကြပ်မတ် လိုက်နာရမည်ဖြစ်သည်။

လူထု ဖူလုံချမ်းငြိမ်းရေး ပန်းတိုင်

မြန်မာ့နွေဦးတော်လှန်ရေး၏ရည်မှန်းချက်သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေး ဖြစ်သည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပြည်သူအားလုံး အခမဲ့ကျန်းမာရေးစောင့်ရှောက် မှုနှင့် အခမဲ့အခြေခံပညာရေးရရှိရမည်။ လူနည်းစု၊ အလုပ်သမား၊ လယ်သမား၊ လူငယ်၊ အမျိုးသမီး၊ LGBTQ စသည့် အစုအဖွဲ့များအတွက် အခြေခံလူမှုစီးပွားအခွင့်အရေးများ ကာကွယ်ပေးမည်စသဖြင့် ယေဘုယျ စဥ်းစားကြသည်။ ဤတိုးတက်သည့် စဥ်းစားချက်များအတွက် တော်လှန်ရေးအင်အားစု များကို အမှတ်ပေးသင့်သည်။

သို့သော် အကောင်အထည်ဖော်မှုဆိုင်ရာ ဆွေးနွေးချက်များကို လေ့လာကြည့်ရာတွင် အနာဂတ် တိုင်းပြည်နှင့် တော်လှန်ရေးလှုပ်ရှားမှု ယန္တယားတည်ဆောက်မှုပုံစံ (Structure) နှင့် မည်သို့မည်ပုံ ဆောင်ရွက်မည်ဆိုသည့် ဖြစ်စဥ် (Process) ကို ဦးစားပေကြသည်။

တည်ဆောက်မှုပုံစံနှင့် ဖြစ်စဥ်များကို အောင်မြင်စွာဖန်တီးနိုင်ပါက တန်းတူညီအခွင့်အရေးများ၊ လူမှုစီးပွားရေး ဝန်ဆောင်မှုများ၊ ပြည်သူ့လုံခြုံရေးများ အလိုအလျှောက်ပါလာလိမ့်မည်ဟု “ယူဆ” ထားကြသည်။

တည်ဆောက်မှုပုံစံများနှင့် ဖြစ်စဥ်များအကြောင်း ဆွေးနွေးရန် လိုအပ်သည်။ ထိုအရာများအပေါ် ရှင်း လင်းမှုနှင့် ဘုံသဘောထားများမရှိပါက မတူညီသော တော်လှန်ရေးအင်အားစုများအကြား ထိရောက် စွာပူးပေါင်းဆောင်ရွက်နိုင်မည်မဟုတ်ပါ။

သို့သော် ထိုတည်ဆောက်မှုပုံစံများနှင့် ဖြစ်စဥ်များသည် ခေါင်းဆောင်ဖြစ်သူများ၏ အဓိက အလေး ထားရာဖြစ်နေသောအခါ နောက်ဆုံးပန်းတိုင်ဖြစ်သည့် အများပြည်သူအကျိုးစီးပွားသည် ဒုတိယ ဦးစားပေးနေရာသို့ ရောက် သွားသည်။

တနည်းဆိုရလျှင် အုပ်ချုပ်ခွင့်အာဏာရရှိရေးအခြေပြု နိုင်ငံရေးယန္တယားတည်ဆောက်မှုသည် ပထမ ဦးစားပေးဖြစ်ပြီး လူထု၏အကျိုးစီးပွားသည် နောက်မှ သူ့ဟာသူရလာမည့် ရလဒ်ဆိုသည့် ယူဆ ချက်မျှသာဖြစ်နေသည် ဆိုပါစို့။ ဤအခြေအနေတွင် တော်လှန်ရေးဦးဆောင်သူတို့၏ အာရုံစိုက်မှု၊ စိတ်ဝင်စားမှုနှင့် အဓိက လုပ်ဆောင်ချက်တို့သည် အာဏာခွဲဝေရေးဆိုင်ရာ နိုင်ငံရေးကိစ္စများ၊​ လုပ်နည်းလုပ်ဟန်များသာ ဖြစ်နေလိမ့်မည်။ ပြည်သူတို့၏ အမှန်တကယ်လိုလားချက် (ဖူလုံရေး၊ ချမ်း ငြိမ်းရေး စသဖြင့်) တို့သည် ပဓာန ဦးတည်ရမည့် ရည်မှန်းချက်ထက် ဘေးအနားစွန်းကိစ္စရပ်များ သာဖြစ်နေလိမ့်မည်။

Structure တည်ဆောက်မှုပုံစံနှင် Process (ဖြစ်စဥ်) များအပေါ် ဆွေးနွေးအငြင်းပွားရင်း တဝဲလည် လည် အချိန်ကုန်နေမည်ဖြစ်သည်။ ရလဒ်အားဖြင့် မူလရည်မှန်းချက်ဖြစ်သည့် ပြည်သူ့အရေးသည် တော်လှန်ရေး အီကွေးရှင်းတွင် မှေးမှိန်နေလိမ့်မည်။

စီးပွားရေးပြုပြင်ပြောင်းလဲမှု

တော်လှန်ရေးအဖွဲ့အစည်းများ၏ ချဥ်းကပ်မှုများသည် သမားရိုးကျအားဖြင့် “နိုင်ငံရေး” ဟု နားလည် ကြသည့် ကိစ္စရပ်များဖြစ်သည်။ ဖွဲ့စည်းပုံ၊ နိုင်ငံရေးစံနှုန်း၊ အာဏာခွဲဝေခြင်း၊ ကိုယ်စားပြုမှု၊ အုပ်ချုပ် ရေး အဆောက်အဦ စသည်တို့ဖြစ်သည်။

ထိခိုက်လွယ်သူများနှင့် ဖိနှိပ်ခံအုပ်စုများအတွက် တရားမျှတမှု ပြန်လည်မျှဝေပေးနိုင်မည့် အခြေခံ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို မတွေ့ရပါ။

ထို အခြေခံကျသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ မပြုလုပ်လျှင် မြန်မာပြည်သူများအတွက် ပိုမို ကောင်းမွန်သော အနာဂတ်ဖြစ်ထွန်းလာရန် မရှိနိုင်ပါ။

အစိုးရသစ်အနေဖြင့်လည်း ယခင်စနစ်အတိုင်း ထူးမခြားနားပြုလုပ်မည်ဆိုပါက အခြားရွေးစရာ နည်း လမ်းမရှိသည့်အဆုံး ခရိုနီများ၊ လောဘဇောတက်ကာ မိမိကိုယ်ကျိုးကိုကြည့်ပြီး လူထုတရားမျှတမှု ကို စိတ်မဝင်စားသည့် စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သော ပုဂ္ဂိုလ်များကိုသာ အားကိုမှီခိုရလိမ့်မည်။

ပဋိပက္ခ သို့မဟုတ် စစ်ပြီးကာလကဲ့သို့ ထိလွယ်ခိုက်လွယ်သော အခြေအနေများတွင် ကြိုတင်ပြင်ဆင် မှုမရှိထားသည့်အစိုးရသည် ခရိုနီအရင်းရှင်စနစ်အတိုင်းဆက်သွားရင်း ချမ်းသာသူများ ပိုမိုချမ်းသာ လာပြီး မတရားမှု၊ မမျှတမှုများ ပိုမိုကြီးထွားများပြားလာမည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အရင်းရှင်စနစ်အတွက် သဘာဝအရင်းအမြစ်များနှင့် အလုပ်သမားများကို စျေးပေါပေါဖြင့် ဖြည့်တင်းပေးနေရသည့် တိုင်းပြည်ဖြစ်သည်။ ဤအခြေအနေတွင် ထိခိုက်လွယ်သူ များကို ခေါင်းပုံဖြတ်၊ အကြမ်းဖက်သည့် ကမ္ဘာ့အရင်းရှင်စနစ်၏ဆိုးကျိုးများကို တော်လှန်ရေး အင်အားစုများ လျစ်လျူရှုထား၍ မရပါ။ အရင်းရှင်စနစ်၏ ဖျက်ဆီးတတ်သည့်ဆိုးကျိုးကို ချိန်ဆကာ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တပါတည်းတွက်ချက်ရန် လိုအပ်သည်။ ထိုစီးပွားရေးစနစ်သစ်သည် ထိခိုက်လွယ်သောအုပ်စုများ၊ အစုအဖွဲ့များ၏ အခြေခံလူမှုဖူလုံချမ်းငြိမ်းရေးကို အာမခံသည့် စနစ်ဖြစ် သင့်သည်။

အားလုံးပါဝင်ရေးအကြောင်း မေးခွန်း

အာဏာသိမ်းဆန့်ကျင် လှုပ်ရှားမှု၏ နောက်ထပ်ဟာကွက်တစ်ခုသည် အားလုံးပါဝင်ရေးဆိုသည့် ကိစ္စဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီချာတာ (Federal Democracy Charter) သည် ဤဟာကွက်အကြောင်း ဥပမာကောင်းတခုဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီချာတာတွင် ပါဝင်သည့် ခွဲခြားဆက်ဆံမှုမရှိရေး၊ စုံလင်ကွဲပြားမှုများအကြား တန်းတူရေး၊ လူမှုစီးပွားရေးနှင့် ယဥ်ကျေးမှုအခွင့်အရေးများထည့်သွင်းထားခြင်းကြောင့် တိုးတက် လာသည်ဟု ဆိုနိုင်သည်။

သို့သော် တိုင်းရင်းသား (တရားဝင်အသိအမှတ်ပြုထားသည့် လူမျိုးများ) နှင့် ပြည်ထောင်စု နိုင်ငံသား ဟူ၍ မတူညီသောအခွင့်အရေးများဖြင့် ခွဲခြားဖော်ပြထားသည်။ ချာတာ၏တန်းတူညီမျှမှု ရည်ရွယ် ချက်နှင့် ရှေ့နောက်ကိုက်ညီရန် တိုင်းရင်းသားနှင့် ပြည်ထောင်စုနိုင်ငံသားခွဲခြားထားမှုကို ပြန်လည် ဆန်းစစ်ရန်လိုသည်။

ချာတာသည် မတူညီသောလူနည်းစု ကိုးကွယ်ရာဘာသာများ၊ တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုခံ ရခြင်းမရှိသော ယဥ်ကျေးမှုလူမျိုးစုများ၏ အခွင့်အရေးများကို လျစ်လျူရှုထားသည်။

ထိုအစုအဖွဲ့များတွင် မူဆလင်များ၊ ဟိန္ဒူများ၊ ဆိစ်ခ်၊ ရိုဟင်ဂျာ၊ တရုတ်၊ ဂေါ်ရခါး၊ ဥရောပနွယ်ဖွားများ စသည်တို့ပါဝင်ပြီး မြန်မာနိုင်ငံ၏ လူဦးရေ (အချက်အလက်ကိုးကားသည့် နေရာပေါ်မူတည်ပြီး) ၁၀-၁၅ ရာခိုင်နှုန်းခန့်ရှိသည်။

“ပြည်ထောင်စုနိုင်ငံသားများ” ကို “အချို့သော ရိုးရာအစဥ်အလာများကြောင့် ခွဲခြားခံရသည့် နိုင်ငံသား အစု” အဖြစ်သွယ်ဝိုက်ဖော်ပြထားသည်။ သူတို့၏ စုပေါင်းအခွင့်အရေး၊ ပါဝင်ခွင့်နှင့် နိုင်ငံရေး ကိုယ်စားပြုခွင့်တို့ကို ချန်လှပ်ထားသည်။

ထိုအချက်ကြောင့်ပင် မြန်မာ့နွေဦးတော်လှန်ရေးသည် လူမျိုးစုတချို့ကို ချန်လှပ်သည့်အလေ့အထ သို့မဟုတ် (တမင် ခွဲခြားရန်ရည်ရွယ်ဖြင့် မဟုတ်သော်လည်း) သမရိုးကျ ခွဲခြားခံရသည့် လူမျိုးများကို ဆက်လက် ချန်လှပ်ထားသည့် နိုင်ငံရေး ကြိုးပမ်းမှုတခုဖြစ်သွားစေသည်။

မြန်မာစစ်တပ်၏ ဖိနှိပ်စော်ကားမှုများနှင့် နယ်မြေချဲ့ထွင်မှုများကို နှစ်ပေါင်း ၇၀ ကျော် ခံစားခဲ့ရသည့် လူနည်းစုလူမျိုးများနှင့် ၎င်းတို့၏ မူလအခွင့်အရေးများကို ကာကွယ်ရန်အရေးကြီးသည်။ သို့သော် အာဏာရှင်ဗိုလ်ချုပ်နေဝင်းစခဲ့သည့် ဆယ်စုနှစ်များစွာ လူမျိုးရေးခွဲခြားသည့် မူဝါဒများနှင့်လုံးဝမတူ သည့် နည်းလမ်းများ (တနည်း “တိုင်းရင်းသား” အခွင့်အရေးကာကွယ်ရေးအောက် အခြားလူမျိုးများ ကို ပြန်လည် ခွဲခြားဆက်ဆံခြင်းမပြုသည့်) နည်းလမ်းသစ်များ ရှာရမည်ဖြစ်သည်။

လူမျိုးဘာသာ ခွဲခြားဆက်ဆံမှုကို ချဥ်းကပ်ပုံ

အားလုံးပါဝင်နိုင်ခြင်း/ချန်လှပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့်ပတ်သက်သည့် ဟာကွက်များကို ဆက် လက်ဆွေးနွေးလိုပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး များသောအားဖြင့် ပုံစံနှစ်ခုခွဲကာ စဥ်းစားလေ့ရှိသည်။

ပထမတမျိုးမှာ တိုင်းရင်းသားအရေးနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်သည်။ ဗမာလူမျိုးကြီးဝါဒ၏ လူနည်းစုများအပေါ်ဖိနှိပ်မှုဟု ရည်ညွှန်းကြည့်မြင်ကြသည်။

ဒုတိယတမျိုးမှာ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးခေါင်းစဥ်အောက် ဗုဒ္ဓဘာသာ မျိုးချစ်များ၏ လူနည်းစု ဘာသာ-ယဥ်ကျေးမှု၊ အထူးသဖြင့် မူဆလင်များနှင့် တောင်အာရှနွယ်ဟု သတ်မှတ်ခံရသူများအား ဆန့်ကျင်ခြင်း၊ ထိုလူနည်းစု၏ နိုင်ငံသားဖြစ်မှုနှင့် အခွင့်အရေးများကို ကန့် သတ်ချိုးဖောက်ခြင်းဖြစ်သည်။

လူနည်းစု လူမျိုးများနှင့် ဘာသာဝင်များသည် ဗုဒ္ဓဘာသာ/ဗမာ လူမျိုးကြီးဝါဒ၏ ဖိနှိပ်မှုဒဏ်ကို နှစ် ပေါင်း ၈၀ နီးပါးခံခဲ့ကြရသည်။ ဤပြဿနာသည် တိုင်းပြည်မငြိမ်းချမ်းခြင်း၊ အာဏာရှင်စနစ် အဓွန့် ရှည်နေခြင်း၏ အရင်းခံအခြေအနေတခုလည်း ဖြစ်သည်။

သို့သော် မြန်မာလူ့အဖွဲ့အစည်းတွင် လူမျိုးရေး-ဘာသာရေး ခွဲခြားမှုပြသနာများသည် ဗမာနှင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတွင်ချည်းမဟုတ်၊ လူနည်းစု အသိုင်းအဝိုင်းများ၊ ဗုဒ္ဓဘာသာမဟုတ်သည့် ဘာသာရေးအသိုင်း အဝိုင်းများတွင်လည်း အရိုးစွဲနေသည်။

ရှေးရိုးစွဲ ဘာသာရေးအယူအဆများနှင့် လူမျိုးစုအခြေပြု အမျိုးသားရေးဝါဒများသည် မိမိအစုအဖွဲ့၏ စံနှင့်မတူသူ မှန်သမျှကို ခွဲခြားလိုစိတ်၊ ချန်လှပ်ထားလိုစိတ် ဖြစ်စေသည်။

ဤကဲ့သို့သော ခွဲခြားချန်လှပ်သည့် စိတ်ဓာတ်၊ အတွေးအခေါ်၊ အပြုအမူ၊ ဥပဒေ/စည်းကမ်း၊ အစဥ်အလာများ နှင့် အလေ့အထမျာကြောင့် လူမျိုးစု၊ ကိုးကွယ်သည့်ဘာသာ၊ ကျား/မ လိင်စိတ် ခံယူမှု၊ နေထိုင်ရာဒေသ၊ ပြောဆိုသည့်ဘာသာစကား၊ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ သန်စွမ်းမှု ကွာခြားချက်များအပေါ် ထပ်ပြီးခွဲခြား ဖိနှိပ်မှုဖြစ်စေသည်။

အတိုချုပ်ရလျှင် မြန်မာ့နွေဦးတော်လှန်ရေးမှသည် အမှန်တကယ် တန်းတူညီမျှသော၊ တရားမျှသော၊ အတူတကွ ယှဥ်တွဲနေထိုင်နိုင်သော ပြည်ထောင်စုတစ်ခု တည်ဆောက်မည်ဆိုပါက လူမျိုးစု ယဥ်ကျေးမှုနှင့် ဘာသာရေးအပေါ်အခြေခံပြီး ခွဲခြားမှုများ၊ ချန်လှပ်မှုများကို ဖော်ထုတ်၊ ပြောဆို ဆွေးနွေပြီး ပြုပြင်ရမည်။

ဤနေရာတွင် အရေးကြီးသည့်အချက်တချက်ထောက်ပြရန်လိုအပ်သည်။ ခွဲခြားဆက်ဆံခြင်းတွင် လူမျိုး-ဘာ သာချည်းမဟုတ်၊ အမျိုးသမီးနှင့် ဂျန်ဒါကွဲပြားမှုအပေါ် ခွဲခြားဖိနှိပ်ခြင်းသည် လူ့အဖွဲ့ အစည်းတည်ဆောက်ပုံ၊ တိုင်းပြည်လည်ပတ်စီးဆင်းပုံ၊ တိုင်းပြည်အနာဂတ် လူမှုစီးပွား ဖူလုံချမ်းငြိမ်း ရေးတို့အတွက် အရေးကြီးသည်။ လူမျိုး-ဘာသာ တန်းတူရေးအလား ဂျန်ဒါဒန်းတူရေး မပြောင်းလဲ ပါက လူ့အဖွဲ့အစည်း၏ အနာဂတ်သည်လည်း ပြောင်းလဲမည်မဟုတ်ပေ။

မြန်မာနွေဦးတော်လှန်ရေးတွင် ဂျန်ဒါကို ပိုမိုထည့်သွင်းစဥ်းစားလာကြသော်လည်း ဂျန်ဒါတန်းတူရေး သည် အပြောများသလောက် လက်တွေ့ တိုးတက်မှုအားနည်းနေသည်။ ဤလစ်ဟာမှုအပိုင်းကို လည်း အထူးပြုပြင်ရန် လိုအပ်သည်။

ပြည်သူ့အာဏာရှင်အတွေးအခေါ်နှင့် အပြုအမူ

မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုတွင် ကျန်ရစ်နေသေးသည့် ကိစ္စတခုမှာ လူမှုရေးအပြောင်းအလဲဖြစ် သည်။

နိုင်ငံတကာ တော်လှန်ရေးလှုပ်ရှားမှုများအကြောင်းလေ့လာသည့် တက်ကြွလှုပ်ရှားသူ ပညာရှင်များ က တိုင်း ပြည်ပြောင်းလဲရန် လူ့အဖွဲ့အစည်း၏ အတွေးအခေါ်နှင့် အပြုအမူများ အခြေခံကျကျ ပြောင်းလဲရန် လိုအပ်ကြောင်း၊ သို့သော် တော်လှန်ရေးအများစုတွင် ထိုပြောင်းလဲမှုများ မရှိကြောင်း၊ ထိုမပြောင်းလဲမှုကြောင့် တော်လှန်ရေး၏ မူ ရည်မှန်းချက်များကျဆုံးကြောင်း ထောက်ပြကြသည်။

လက်ရှိအခင်းအကျင်းအရ မြန်မာနိုင်ငံသည်လည်း ထို့အတူပင်ဖြစ်သည်။

ဥပမာပြရလျှင် တော်လှန်ရေးတွင်ပါဝင်ကြ၊ ဆွေးနွေးနေကြသူများသည် စစ်တပ်/(အနာဂတ်)အစိုးရ ၏ အာဏာရှင်အုပ်ချုပ်ရေးကို တိုက်ဖျက်နေကြခြင်းဖြစ်သည်။ သို့သော် ထိုအာဏာရှင် အုပ်ချုပ်ရေး ကို တည်မြဲစေသည့် လူ့အဖွဲ့အစည်း၏ အာဏာရှင်စရိုက်ကို လျစ်လျူရှုထားကြသည်။ အမှန်မှာ လူ့အဖွဲ့အစည်း၏ အာဏာရှင်စရိုက်သည် အုပ်ချုပ်ရေးစနစ်၏ အခြေခံဖြစ်သည် (လူ့အဖွဲ့အစည်း၏ အမှားကြောင့် အာဏာရှင်စနစ်ဖြစ်နေသည်ဟု ဆိုလိုခြင်းမဟုတ်၊ အာဏာရှင်အုပ်ချုပ်သူသည် သူ့အာဏာကို လူ့အဖွဲ့အစည်း၏ အတွေးအခေါ် /အပြုအမူပေါ် အမြတ်ထုတ်တည်ဆောက်ခြင်းဖြစ် သဖြင့် သူ့အတွက် အသုံးတည့်မည့် လူထုစိတ်/အမူအကျင့်ကို မွေးမြူထားသည်ဆိုသည့်အချက်ကို ထောက်ပြလိုခြင်းဖြစ်သည်)။

ပြန်ကောက်ရလျှင် နိုင်ငံတော်အဆင့် အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို တိုက်ဖျက်နေသော်လည်း ထိုနိုင်ငံတော်ကို စုပေါင်းတည်ဆောက်ထားသည့် လူမှုမိုက်ခရိုယူနစ်ငယ်များဖြစ်သည့် မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ကျောင်း/ပညာရေးစနစ်၊ ဘာသာရေးအသိုင်းအဝိုင်း၊ လုပ်ငန်းခွင်၊ စာပေနှင့် ဖျော်ဖြေရေး အသိုင်းအဝိုင်း စသည်တို့သည် အာဏာရှင်ဓလေ့၊ ခွဲခြားဖိနှိပ်သည့် အလေ့ အထ၊ တင်းကြပ်သည့် စည်းကမ်းစိတ်ဓာတ် အပြုအမူများ၊ ထက်အောက်ကွာခြားမှု စသည်တို့ဖြင့် ကျင့်သားရနေသည်။ ငါနှင့်မတူ ငါ့ရန်သူ၊ အထက်ဖား အောက်ဖိ၊ တသွေးတသံတမိန့် ဆိုသည့် အလေ့ အထများ အရိုးစွဲနေသည်။

ဤကဲ့သို့ အာဏာရှင်လူမှု မိုက်ခရိုယူနစ်များဖြစ်နေခြင်းသည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက် တွင်နေထိုင်ခဲ့ရခြင်းကြောင့် ဖြစ်သည်။ ထို ဓလေ့များ၊ အယူအဆများကို ဆက်လက် ကျင့်သုံးနေပါက မြန်မာနိုင်ငံသည် အာဏာရှင် သက်ဆိုးရှည်နေဦးမည်ဖြစ်သည်။

အချုပ်ပြန်ဆိုရလျှင်

၂၀၂၁ ခုနှစ်တွင် နိုင်ငံတဝန်းလုံးက စစ်တပ်ကို ဆန့်ကျင်ရန် အုံကြွလာခြင်းသည် ဆယ်စုနှစ်များစွာ အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်က စစ်တပ်၏ တပ်သားသစ်စုဆောင်းရာနေရာများဖြစ် သည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း ပြင်းထန်သည့် လက်နက်ကိုင်တော်လှန်မှုများ ဖြစ်နေသည်။

၂၀၂၂ နှင့် ၂၀၂၃ အတွင်း ထိခိုက်ကျဆုံးမှုများ၊ နယ်မြေလက်လွတ်လိုက်ရမှုများသည် စစ်တပ်၏ ဆုတ်ယုတ်ပျက်စီးမှုအခြေအနေကို ညွှန်ပြနေသည်။

သို့သော် တော်လှန်ရေးကြီးတခုလုံး အောင်မြင်ဖို့အတွက် (အာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းပြီး တရား မျှတ ချမ်းငြိမ်းလုံခြုံသည့် လူ့အဖွဲ့အစည်းဖြစ်လာဖို့အတွက်)မူ အာဏာရှင်စစ်တပ်ကိုဖြုတ်ချပြီး အရပ်သားအစိုးရတရပ်ဖြင့် အစားထိုးရုံနှင့် မလုံလောက်ပါ။ လူ့အဖွဲ့အစည်းတွင်း အပြောင်းအလဲကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှသာ ရမည်ဖြစ်သည်။

ထိုသို့ပြောင်းလဲရန် အထက်တွင်ဆွေးနွေးခဲ့သည့်အတိုင်း အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်ရန်၊ ပြည်သူ့အကျိုးစီးပွားနှင့် လူမှုဖုံလုံချမ်းငြိမ်းရေးကိုရှေးရှုသည့် စီးပွားရေးစနစ် ပြုပြင် ပြောင်းလဲရန်၊ ထိခိုက်လွယ်သော/အသံမဲ့နေသော/ဘေးဖယ်ခံထားရသောအစုအဖွဲ့များအားလုံး အမှန် တကယ်ပါဝင်နိုင်ရန်နှင့် လူမှုအသိုက်အဝန်းအတွင်း နိစ္စဓူဝ အာဏာရှင်ဓလေ့များကို ပြောင်းလဲ တော်လှန်ရမည်ဖြစ်သည်။

Three years of Myanmar Spring: Progress and blind spots အဂ်လိပ်ဘာသာဆောင်းပါးကို ဆီလျော်အောင် ပြန်လည် ဘာသာပြန်တင်ပြထားခြင်းဖြစ်သည်။

ဒေါက်တာ စိုင်းလတ်သည် နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်သည်။ လက်ရှိတွင် ကမ္ဘာတဝန်း တော်လှန်ရေးလှုပ်ရှားမှုများနှင့် မြန်မာ့နွေဦးအပေါ် အိမ်နီးချင်းနိုင်ငံများ၏ တုံ့ပြန်မှုများ ကို စောင့်ကြည့် လေ့လာလျက်ရှိသည်။