ဒိုက်ဦးဗဟိုအကျဥ်ထောင်မှာ ဝန်ထမ်းနဲ့ ရာဇဝတ်အကျဥ်းသားများ အုပ်စုဖွဲ့ရမ်းကား

ပုံအညွှန်း- ဒိုက်ဦးအကျဥ်းထောင်(ဓာတ်ပုံ- ပုံဟောင်း)

ပုံအညွှန်း- ဒိုက်ဦးအကျဥ်းထောင်(ဓာတ်ပုံ- ပုံဟောင်း)

အယ်ဒီတာထံ ပေးစာ

(မဇ္ဈိမ)။ ။ ဒိုက်ဦးအကျဥ်းထောင်မှာ ခြောက်လအတွင်း နိုင်ငံရေးအကျဥ်းသား ၁၂ ဦးနဲ့ အထက် သေဆုံးခဲ့ပါတယ်။ အဲ့ဒါက ဘာကြောင့်လဲဆိုတော့ ဒိုက်ဦးဗဟိုအကျဥ်းထောင်က ထောင်အာဏာပိုင်တွေနဲ့ တန်းစီး သန့်စင်(ဘ) ဦးကျော်ဝေတို့က အုပ်စုဖွဲ့ ရမ်းကားနေလို့ပါ။

ဒိုက်ဦးအကျဥ်းထောင် အမှတ် (၅) အိပ်ဆောင်ကို ဆေးရုံဆောင်အဖြစ်သတ်မှတ်ထားပါတယ်။ လစဥ်ကြေး၊ အခန်းကြေးနဲ့ အဆောင်မှူးကြေးပေးရင် အဲ့ဒီ ဆေးရုံဆောင်မှာ သက်တောင့်သက်သာ နေလို့ရပါတယ်။ အဲ့ဒီမှာ လစဥ်ကြေးအနည်းဆုံး ကျပ် ၂၀၀,၀၀၀ ကျပ်ပေးရပါတယ်။

ထောင်သားတွေကတော့ အဲ့ဒီသန့်စင်ကို ကွယ်ရာမှာ ချီးထုပ် သန့်စင်လို့ ခေါ်ကြတာပါ။

သူက ထောင်မကျခင်က စစ်တပ်ရဲ့ သတင်းပေးဒလန်တဦးပါ။ ချိန်းခြောက်ငွေတောင်းလို့ ထောင်လေးနှစ် ကျခံနေရတာပါ။ သူ့ကြောင့် အဖမ်းခံခဲ့ရသူတွကလည်း အများကြီးပါ။

သူ့ကို ထောင်ဆေးရုံအုပ်က လက်ထောက်ချဖို့ မွေးမြူထားပါတယ်။

နိုင်ငံကလစဥ်ချပေးတဲ့ ဆေးပစ္စည်းကို သန့်စင်က ပြန်ပြီးရောင်းတယ်။ အရည်အသွေးနိမ့်၊ ဒါမှမဟုတ် သက်တမ်းလွန်ပစ္စည်းတွေနဲ့လည်း လဲယူထားတယ်။ သန့်စင်မိသားစု ထောင်ဝင်စာလာတွေ့တာကနေ တဆင့် တရားမဝင်ပစ္စည်းတွေကို ဆေးရုံအုပ်က ထောင်ထဲသွင်းပေးတယ်။ ဆေးရုံအုပ်အိမ်ကနေ ထောင်ကခိုးထားတဲ့ ဆေးတွေကို သန့်စင်မိသားစုပိုင် ကားကနေတဆင့်သယ်ပြီး ပြန်ရောင်းကြတယ်။ အဲ့ဒါတွေကို အကျဥ်းထောင် ဝန်ထမ်းတွေက သိရဲ့သားနဲ့ မသိချင်ယောင်ပြုနေကြတာပါ။

အကျဥ်းသားတွေနေမကောင်းလို့ ထောင်ဆေးရုံတက်ချင်ရင် အဲ့ဒီသန့်စင်ကို ငွေကျပ် ၅၀,၀၀၀ ပေးရတယ်။ အဲ့ခါကျမှ သူက ထောက်ခံစာထုတ်ပေးပြီး ထောက်ခံစာပြမှသာ ဆေးရုံတက်ခွင့်ရတယ်။

ရောဂါဆိုးလို့ ပဲခူးပြည်သူ့ဆေးရုံကြီးသွားရဖို့ လိုအပ်ရင်လည်း သန့်စင်ကိုငွေပေးရတယ်။ ပြီးရင် ဆေးရုံကားအခကြေးငွေကို အကျဥ်းသားမိသားစုထံကနေ တောင်းတယ်။ ငွေမပေးရင် အချိန်မီပြင်ပဆေးရုံကို ပြလို့မရအောင်၊နှောင့်နှေးအောင် တမင်လုပ်တယ်။

သေသွားတဲ့သူတွေရှိရင်လည်း “ကြည့်ထား ငွေမပေးနိုင်ရင်ဘာဖြစ်မလဲဆိုတာ” ဆိုပြီး ကြုံးဝါးပါတယ်။

ပိုက်ဆံမပေးနိုင်တဲ့ အကျဥ်းသားတွေဆို ထောင်ဆေးရုံခေတ္တပဲ တက်ခိုင်းပြီး ဆေးရုံကနေ အတင်းအကျပ်ဆင်းခိုင်းတယ်။ လူနာကုတင်ထဲ တရားမဝင်ပစ္စည်းထည့်ပြီး မဟုတ်မမှန်သတင်းပေးတယ်။ နေမကောင်းတဲ့သူတွေကို ရိုက်နှက်တယ်။

အတင်းဓမ္မအလုပ်ခိုင်းတယ်။ သန့်စင်ယုတ်မာချက်ကတော့ နည်းလမ်းကို စုံနေတာပါပဲ။ အကျဥ်းသားအချို့က အဲ့ဒီသန့်စင်တို့အဖွဲ့ အနိုင်ကျင့်တာ တိုင်ပေမယ့် အရေးယူတာ တစုံတရာမရှိပါဘူး။

တိုင်တဲ့သူတွေကိုလည်း အဲ့ကောင်တွေအဖွဲ့က ရိုက်နှက်နှိပ်စက်တယ်။

သန့်စင်တူ အကျဉ်းသား အောင်ဟိန်း ဆိုရင် သွားကိုက်ကုဖို့ဆိုပြီး ပဲခူးပြင်ပဆေးရုံပြမယ်ဆိုပြီးထောင်က ခဏခဏ ထွက်တာပဲ။ သူနဲ့ အဆင်မပြေတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုဆိုရင် ရာဇဝတ်သားတွေကိုပဲထားတဲ့ (၄) ဆောင်ကို ပို့တယ်။ တရားမဝင် ပစ္စည်းတွေကိုင်တယ်ဆိုပြီး ချောက်ချတယ်။ မဟုတ်မမှန်တွေ သတင်းပေးပြီး အရိုက်ခံရအောင် နေ့စဥ်လုပ်နေတယ်။

နိုင်ငံရေးသမားထောင်ထဲဝင်ရင် အဝင်မှာ ငါးချက်၊ ထောင်ကနေ တခြားထောင် ပြောင်းတဲ့အခါ ထောင်ဗူးဝမှာ ငါးချက်အရိုက်ခံရမယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့
“ နိုင်ငံရေးအကျဉ်းသားဆိုရင် အဝင် ငါးချက် အ ထွက် ငါး ချက် ပဲ” ဆိုပြီး ထောင်အဝင်ဝမှာ အော်ဟစ် ပြောဆိုတာလည်းရှိပါတယ်။

ဒီဖြစ်ရပ်တွေကိ ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒိုက်ဦးအကျဥ်းထောင်မှာ ခြောက်လအတွင်း နိုင်ငံရေးအကျဥ်းသား ၁၂ ဦးနဲ့ အထက် သေဆုံးတာ သန့်စင်ပရောဂ အနည်းနဲ့အများ ပါတယ်လို့ ပြောချင်ပါတယ်။ အဲ့ဒါကြောင့် သန့်စင်နဲ့ အဖွဲ့ကို စစ်ကောင်စီအစိုးရ တာဝန်ရှိသူတွေက ဖြစ်စေ၊ တော်လှန်ရေးအဖွဲ့တွေကဖြစ်စေ တစုံတရာ အရေးယူပေးစေချင်လို့ ဒီစာကို မဇ္ဈိမရဲ့ အယ်ဒီတာထံ ပေးစာကတဆင့် ပို့လိုက်တာပါ။

တာဝန်သိပြည်သူဖရဲသီးတဦး