ဘလ်တီမိုး တံတား ကို ဝင်တိုက်မိသော သင်္ဘော မှာ စင်္ကာပူ အလံတင် သင်္ဘောဖြစ်

Photo:AFP

Reuters

အမေရိကန် နိုင်ငံ ဘလ်တီမိုး ဆိပ်ကမ်းရှိ လေးလမ်းသွား တံတားကို ကွန်တိန်နာ သင်္ဘော ၁ စီး က မတ် ၂၆ နံနက်ခင်း အမှောင်ထုအတွင်း ဝင်တိုက်မိရာ တံတားပြိုကျ၍ မော်တော်ယာဉ်များနှင့် လူများ မြစ်ထဲသို့ ကျဆင်း နစ်မြုပ်သွားသည်။

၁ ဒသမ ၆ မိုင် (၂ ဒသမ ၅၇ ကီလိုမီတာ) ရှည်လျားသော Francis Scott Key တံတား ရေထဲသို့ ပြိုကျပြီးနောက် ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ်သူ ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့၍ ၁ ဦးမှာ စိုးရိမ်ရပြီး Patapsco မြစ်အတွင်း တွင် နောက်ထပ်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။

သင်္ဘောသည် ဆိပ်ကမ်းမှ ထွက်ခွာလာစဉ်ကတည်းက ထိန်းချုပ် မရတော့သည်ကို အမှုထမ်းများက မေရီလန်း မှ တာဝန်ရှိသူများထံ အကြောင်းကြားခဲ့သည် ဟု ABC News က ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် အနည်းဆုံး ကား ၇ စီးသည် ရေထဲသို့ ထိုးကျသွားသော်လည်း အတိအကျ မပြောနိုင်သေးကြောင်း ဘလ်တီမိုး ရှိ တာဝန်ရှိသူများက ဆိုသည်။

ယာဉ်အစီးရေ အမြောက်အမြားနှင့် အတူ ကုန်တင်ကားများ အပါအဝင် လူ ၂၀ ခန့် မြစ်ထဲသို့ ကျသွားနိုင်ကြောင်း ဘလ်တီမိုး မီးသတ်ဌာန မှ ပြောရေးဆိုခွင့်ရှိသူ ကယ်လ်ဗင် ကတ်ဝရိုက် က အစောပိုင်းတွင် Reuters သို့ ပြောကြားခဲ့သည်။

“ဒါက အစုလိုက်အပြုံလိုက် အသေအပျောက် များတဲ့ ဖြစ်ရပ် ၁ ခုပါ။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ က ရက်ပေါင်းများစွာ ကြာနိုင်တယ်” ဟု ၎င်း ကဆိုသည်။

သင်္ဘောသည် အမှောင်ထဲတွင် တံတား ကို ဝင်တိုက်သွားကြောင်း ဗီဒီယို ၁ ခု ကို YouTube တွင် တင်ထားသည်။ သင်္ဘောဝင်တိုက်ပြီးနောက် တံတား ရေထဲသို့ ပြိုကျသွားပြီး သင်္ဘောမီးလောင် မှု ဖြစ်ခဲ့သည်။ တံတားပေါ်ရှိ ယာဉ်များ ၏ ရှေ့မီးများကိုလည်း မြင်တွေ့ရသည်။

ယခုဖြစ်ရပ်သည် ၂၀၀၇ တွင် Minneapolis ရှိ I-35W တံတားသည် မစ္စစ္စပီမြစ်ထဲသို့ ပြိုကျခဲ့ပြီး လူ ၁၃ ဦးသေဆုံးခဲ့သော ဖြစ်စဉ် နောက်ပိုင်း အဆိုးရွားဆုံးသော အမေရိကန်တံတား ပြိုကျမှုဖြစ်နိုင်သည် ။

အရေးပေါ်အခြေအနေအား ကိုင်တွယ်ဖြေရှင်းရန် ဖက်ဒရယ်အရင်းအမြစ်များကို လျင်မြန်စွာအသုံးချရန် မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး ဝက်စ်မိုးရေး က ကြေညာခဲ့သည်။ ဘလ်တီမိုး ရှိ FBI ဝန်ထမ်းများသည် အခင်းဖြစ်နေရာတွင် ရှိနေကြောင်း လူမှုကွန်ယက် စာမျက်နှာ X တွင် ဖော်ပြထားသည်။ အဆိုပါဖြစ်ရပ် သည် မတော်တဆမှုဖြစ်ပြီး အကြမ်းဖက်လုပ်ရပ် ဟု သံသယ မရှိကြောင်း ဘလ်တီမိုး ရဲမှုးကြီး ရစ်ချက်ဒ် ဝိုးလေး က သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားခဲ့သည်။

နောက်ထပ်သတိပေးချက်မရသေးမီအထိ ဘလ်တီမိုး ဆိပ်ကမ်းတွင် ယာဉ်အသွားအလာ ရပ်ဆိုင်းထားကြောင်း မေရီလန်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်များကပြောကြားခဲ့သည်။ အဆိုပါ ဆိပ်ကမ်းသည် ၂၀၂၂ တွင် ကားအစီးရေ ၇၅၀၀၀၀ ကျော် သယ်ယူပို့ဆောင်၍ မော်တော်ကား တင်ပို့မှု အများဆုံး အမေရိကန်ဆိပ်ကမ်းဖြစ်ကြောင်း အချက်အလက်များအရ သည်။

အခြားရေယာဉ်များ ပျက်စီးသွားခြင်း ရှိ၊ မရှိ သို့မဟုတ် ဆိပ်ကမ်း လည်ပတ်မှု ရပ်ဆိုင်းခြင်း ရှိ၊ မရှိ ကို ချက်ခြင်း မသိရသေးကြောင်း သင်္ဘောနှင့် အာမခံ သတင်းရင်းမြစ်များက ဆိုသည်။

“မနက် ၁ နာရီ ၃၀ ဝန်းကျင်လောက်မှာ ၉၁၁ သို့ အရေးပေါ် ဖုန်းခေါ်ဆိုမှု အများအပြားကို လက်ခံရရှိခဲ့တယ်၊၊ ဘလ်တီမိုး ရှိ တံတားကို သင်္ဘောတစီးက ဝင်တိုက်ပြီး ပြိုကျခဲ့တာပါ” ဟု ကာ့ဒ် ဝရိုက် က ပြောကြားခဲ့သည်။

ဘလ်တီမိုး ရဲတပ်ဖွဲ့က နံနက် ၁ နာရီ ၃၅ မိနစ် (ဂရင်းနစ်စံတော်ချိန် 535 GMT) တွင် အဖြစ်အပျက်ကို သိရှိခဲ့ကြောင်း ဆိုသည်။

အဆိုပါ သင်္ဘောသည် စင်္ကာပူ အလံတင် ကွန်တိန်နာ သင်္ဘော Dali ဖြစ်၍ သင်္ဘော မှတ်ပုံတင်ပိုင်ရှင်မှာ Grace Ocean Pte Ltd ဖြစ်ပြီး မန်နေဂျာမှာ Synergy Marine Group ဖြစ်ကြောင်း LSEG သင်္ဘော ခြေရာခံ အချက်အလက်များအရ သိရသည်။

Dali သည် တံတားတိုင်များ အနက်မှ တိုင် ၁ ခုနှင့် တိုက်မိခဲ့ပြီး ရေယာဉ်မှူး ၂ ဦးအပါအဝင် ရေယာဉ်အမှုထမ်းများ အားလုံးကို အရေးယူထားပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း Synergy Marine Corp မှ ထုတ်ပြန်ချက်အရ သိရသည်။

Dali ကို သင်္ဘောကုမ္ပဏီ Maersk (MAERSKb.CO) မှ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း ဒိန်းမတ်ကုမ္ပဏီ က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဘလ်တီမိုး မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလွန်ဘဲ အံ့သြထိတ်လန့်မိပါတယ်။ ထိခိုက်နစ်နာသူတွေ အားလုံးနဲ့ အတူ ကျွန်တော်တို့ ရှိနေပါတယ်” ဟု Maersk မှပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံသီချင်း ရေးသားသူ Francis Scott Key ၏ အမည်ပေးထားသည့် အဆိုပါတံတားကို ၁၉၇၇ တွင် ဖွင့်လှစ်ခဲ့သည်။