မြန်မာစစ်တပ် ပြည်သူကိုအကာအကွယ်ပေးရန်နှင့် တိုင်းပြည်ကိုစောင့်ရှောက်ရန် ပျက်ကွက်နေဟု ကနေဒါသံရုံး ထုတ်ပြန်

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ခေါ်ဖိုးပလယ်မျိုးဆက်သစ်စာသင်ကျောင်း (ဓါတ်ပုံ- Khaw Poe Pleh New Generations)

မဇ္ဈိမ။ ။မြန်မာစစ်တပ်အနေဖြင့် ပြည်သူကိုအကာအကွယ်ပေးရန်နှင့် တိုင်းပြည်ကို စောင့်ရှောက်ရန်ဖြစ် သော်လည်း ပျက်ကွက်နေကြောင်း ရန်ကုန်မြို့ရှိ ကနေဒါသံရုံးက မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်တပ်၏အခန်းကဏ္ဍမှာ ပြည်သူများကိုစောင့်ရှောက်ရန်နှင့် တိုင်းပြည်ကိုကာကွယ်ရန်ဖြစ်ပြီး မြန်မာ စစ်တပ်သည် ယင်းတာဝန်ကိုထမ်းဆောင်ရန် ဆက်လက်ပျက်ကွက်နေကြောင်း၊ မြန်မာစစ်တပ်က ဆက် လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံးရှုတ်ချကြောင်း ကနေဒါသံရုံးက ဆိုသည်။

“စစ်တပ်က နိုင်ငံတကာဥပဒေကို ကြီးလေးစွာချိုးဖောက်ပြီး လူနေအိမ်များ၊ ကျောင်းများ၊ ကျန်းမာရေး စင်တာများ၊ ကိုးကွယ်ရာ ဘာသာရေးအဆောက်အအုံများကို လေကြောင်းမှတိုက်ခိုက်ခြင်း အပါအဝင် အရပ်သားများနှင့် အရပ်သားများ၏ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ အမျိုးသမီးများ ကို လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျုးလွန်ခြင်းကို ရှုတ်ချ‌‌ကြောင်း၊ ရိုဟင်ဂျာများ အပါအဝင် ထိလွယ်ခိုက်လွယ်သူများကို စစ်တပ်က လုံခြုံရာနေရာများသို့ရွှေ့ပြောင်းခွင့်ပြုရန် ငြင်းဆိုခြင်းသည် လုံးဝ လက်ခံ၍မရသော အခြေအနေဖြစ်ကြောင်း” ကနေဒါသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုများကျူးလွန်ခြင်းအား ရပ်တန့်ရန် ကနေဒါသံရုံးက ထပ်မံတောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံ အား လက်နက်များ၊ စစ်တပ်ဆိုင်ရာကိရိယာများ၊ စစ်ဘက်-အရပ်ဘက်သုံး ကိရိယာများ၊ လေယာဉ်ဆီနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များပေးနေခြင်းကို ချက်ချင်းရပ်တန့်ရန် နိုင်ငံများအားလုံးကို တိုက် တွန်းထားသည်။

မြန်မာပြည်သူများ၏ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျသော၊ အားလုံးပါဝင်သော အနာဂတ်ရည်မှန်း ချက်များနှင့်တသားတည်းရှိကြောင်း ကနေဒါသံရုံးက ဆိုသည်။

စာတည်း။ ။စောဖေ